လိပ်ပြာစံအိမ်ထဲမှာ ကစ်ရဲ့ ကြိုးစားမှုတွေကို ပြောပြလာပါတယ်။

လိပ်ပြာစံအိမ် ရုပ်ရှင်ကားကြီးထဲမှာ ဒါရိုက်တာ စိတ်တိုင်းကျ ကြိုးစားအားထုတ်ခဲ့တဲ့ ဝတ်မှုန်ရွှေရည်ကို ထိုင်းဒါရိုက်တာက တောင်းပန်စကားဆိုခဲ့ပါတယ်။ အတော်ဆုံး မင်းသမီးလို့လည်း ချီးကျူးခဲ့ပါသေးတယ်။

Photo: Chartchai Ketnust



လိပ်ပြာစံအိမ် ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ မင်းသမီးလေး ဝတ်မှုန်ရွှေရည်ရဲ့ ကြိုးစားအားထုတ်ထားမှုတွေကို ထိုင်းလူမျိုး ဒါရိုက်တာ Chartchai Ketnust က ချီးကျူးခဲ့ပါတယ်။ အဓိကအားဖြင့် သူတို့ကိုယ်တိုင် ပြုလုပ်ထားတဲ့ ရွှံ့အိုင်ထဲက ဇာတ်ဝင်ခန်းအကြောင်းကို ပြောပြထားတာပါ။

"ထုတ်လုပ်ရေး ဒီဇိုင်နာက မုန့်ဖုတ်ဆော်ဒါနဲ့ ရွှံ့အစစ်ကို ရောပြီး ဒီရွှံ့အိုင်သေးသေးလေးကို တည်ဆောက်ခဲ့ရပါတယ်။ ရာနှုန်းပြည့် အန္တရာယ်ကင်းပါတယ်။ အောက်မှာ မြွေလည်းမရှိဘူး၊ ဘာအကောင်မှလည်း မရှိပါဘူး။ ကစ်ကစ်က ဘာမှ စိုးရိမ်စရာမလိုဘဲ သရုပ်ဆောင်နိုင်ပါတယ်’’ လို့ ဆိုပါတယ်။

Photo: Chartchai Ketnust

ဝတ်မှုန်ရွှေရည်ဟာ သမီးလေးကို စိုးရိမ်တဲ့ စိတ်နဲ့ လိုက်လံရှာဖွေတဲ့ အချိန် ရွှံ့အိုင်ထဲကို နစ်သွားတဲ့ ဇာတ်ဝင်ခန်းပါဝင်ခဲ့ပါတယ်။ ဒီ ဇာတ်ဝင်ခန်းကိုတော့ ဝတ်မှုန်ရွှေရည်တစ်ယောက် မေ့နိုင်တော့မယ် မထင်ဘူးလို့လည်း Chartchai Ketnust က သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မနက် ၁၂ နာရီ ၇ မိနစ် က ရေးသားထားတာ တွေ့ရပါတယ်။

‘’ဒါပေမဲ့ ရေနံချောင်းမှာရှာလို့ရတဲ့ ဆိုဒါမှုန့်က တဆေးနဲ့ ရောပြီးသားဖြစ်တယ်။ ၄၀ ဒီဂရီကျော်ရှိတဲ့ ရေနံချောင်းရဲ့ အပူချိန်အောက်ရောက်တော့ အနံ့က မခံမရပ်နိုင်အောင် နံလွန်းနေပါတယ်။ ဒီအနံ့ကို သူ့တစ်ဘဝလုံး မှတ်မိနေမှာဖြစ်လို့ ကစ်ကစ်အတွက်က တစ်ဘဝစာ အမှတ်ရနေမယ့် သရုပ်ဆောင်မှုဖြစ်မှာပါပဲ’’ လို့ သူကဆိုပါတယ်။

Photo: Chartchai Ketnust

ဒီအတွက် သူ့စိတ်တိုင်းကျ သရုပ်ဆောင်ပေးခဲ့တဲ့ ဝတ်မှုန်ရွှေရည်ကို Chartchai Ketnust က တောင်းပန်စကားပြောကြားခဲ့ပါတယ်။

‘’မင်းက အတော်ဆုံးမင်းသမီးလေးပါ (ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ)" လို့ အဓိပ္ပာယ်ရတဲ့ အင်္ဂလိပ်လို ရေးထားတဲ့စာနဲ့အတူ Behind the Scenes ဗီဒီယိုတစ်ဖိုင်ကို ထိုင်းဒါရိုက်တာ Chartchai Ketnust က Facebook မှာ မျှဝေခဲ့တာ ဖြစ်ပါတယ်။ ''လိပ်ပြာစံအိမ်'' ရုပ်ရှင်ဇာတ်ကားဟာ ဖေဖော်ဝါရီလ ၆ ရက်နေ့က စပြီး ရန်ကုန်မြို့မှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသခဲ့တာဖြစ်ပါတယ်။ ရုံတင်ပြီး ၉ ရက်အတွင်းမှာ ဝင်ငွေ သိန်းတစ်သောင်း ရရှိခဲ့တဲ့ ဇာတ်ကားတစ်ကားပါ။

Photo: Chartchai Ketnust

လိပ်ပြာစံအိမ်ရုပ်ရှင်ဇာတ်ကားကြီးကို ထိုင်းနိုင်ငံသား ဒါရိုက်တာက ရိုက်ကူးထားတာဖြစ်ပြီး သရုပ်ဆောင် နိုင်းနိုင်း၊ ဒေါင်း၊ ဝတ်မှုန်ရွှေရည်၊ ကလေးသရုပ်ဆောင် ပြည့်ပြည့်၊ တုံတုံတို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဝတ်မှုန်ရွှေရည် (Wutt Mhone Shwe Yi) ဟာ ၂၀၁၃ခုနှစ်မှာ "နင်စေရင်"ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပြီးအဲ့ဒီအကယ်ဒမီ ရွှေကြယ်ကိုလည်း ၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီ (၁)ရက်နေ့က မှော်ဘီမြို့ရှိအောင်ဇဗ္ဗူတော ရကျောင်းတိုက်မှာ လှူဒါန်းခဲ့ပါတယ်။ သူမဟာ ၂၀၁၄ခုနှစ်မှာတော့"နှလုံးသားနဲ့ပြုလုပ်သည်" ရုပ်ရှင်ဇာတ်ကားကြီး နဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုကိုလည်း ရရှိထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က