''လှပ်၍ လွင့်သော'' ရုပ်ရှင်ကားဖြစ်ပါတယ်။

နာမည်ကျော် အနုပညာရှင်တွေ အားပြိုင်ထားကြတဲ့ ‘’လှပ်၍ လွင့်သော’’ ရုပ်ရှင်ကားကြီးက ပရိသတ်အရှေ့ကို ရောက်လာတော့မယ်လို့ ဒါရိုက်တာဝိုင်းက ဆိုပါတယ်။ ဒီဇာတ်ကားဟာ ဒါရိုက်တာဝိုင်းရဲ့အကောင်းဆုံး ဖန်တီးမှုအသစ်တစ်ခုလည်း ဖြစ်လာမယ်လို့ သိရပါတယ်။

Photo: လှပ်၍ လွင့်သော



အကယ်ဒမီ မို့မို့မြင့်အောင်နဲ့ အကယ်ဒမီ ဖွေးဖွေးတို့ရဲ့ အားပြိုင်မှုတွေကို မြင်တွေ့ရမယ့် ‘’လှပ်၍ လွင့်သော’’ ရုပ်ရှင်ကားကြီးက မကြာခင် ပရိသတ်အရှေ့ကို ရောက်လာတော့မယ်လို့ ဒါရိုက်တာ ဝိုင်းက ပြောပါတယ်။

‘’အကယ်ဒမီများရှင် မို့မို့မြင့်အောင်နဲ့ ထပ်ဆင့်အကယ်ဒမီ ဖွေးဖွေးတို့ရဲ့ အားပြိုင်မှု ဝါရင့်သရုပ်ဆောင် အကယ်ဒမီ ကျော်ရဲအောင်ရဲ့ ပြောင်မြောက်တဲ့ သရုပ်ဆောင်ချက်တွေ၊ သရုပ်ဆောင် ခင်ဝင့်ဝါရဲ့ အခြား ရုပ်ရှင်တွေမှာ မမြင်ရသေးတဲ့ အနုပညာစွမ်းရည်တွေ၊ ဘားအံမြို့ရဲ့ အလှအပတွေနဲ့အတူ ဇာတ်သိမ်းကို မသိရဲလောက်တော့အောင် ရင်တလှပ်လှပ် ဖြစ်စေမယ့် " လှပ်၍ လွင့်သော’’ ဆိုပြီးတော့ ဝိုင်းရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ညနေ ၄ နာရီ ၅၆ မိနစ်က ရေးသားထားတာ တွေ့ရပါတယ်။

Photo: Mg Thein

ဒီရုပ်ရှင်ဇာတ်ကားကြီးဟာ စာရေးဆရာမ စံပယ်ဖြူနုရဲ့ ဝတ္ထုကို ဒါရိုက်တာဝိုင်းက ရုပ်ရှင်ကားကြီးအဖြစ် ပုံဖော်ခဲ့တာဖြစ်ပါတယ်။ ‘’လှပ်၍ လွင့်သော’’ ရုပ်ရှင်ကားမှာ ခင်ငြိမ်းချမ်း၊ မကြည်ပြာ၊ တာရာ၊ ဦးမောင်ပြေဆိုတဲ့ ဇာတ်ကောင်တွေက သက်ဝင်လှုပ်ရှားသွားမယ်လို့ သိရပါတယ်။

‘’လွန်ခဲ့တဲ့ ၁၈ နှစ်လောက်က အမှုအခင်း( လူသတ်မှု ) တစ်ခုမှာ တရားခံအဖြစ်ရှိခဲ့သူရဲ့သမီးနဲ့ တရားလိုအဖြစ်ရှိခဲ့သူရဲ့ သမီးတို့ အမှတ်မထင် ပြန်ဆုံကြတဲ့အခါ "လှပ်၍လွင့်သော" ဆိုတာ ဖြစ်လာခဲ့ပါတယ်။ ဆရာမ စံပယ်ဖြူနု ရဲ့ " လှပ်၍ လွင့်သောကမ္ဘာ " ဝတ္ထုစာအုပ်ကို ... " လှပ်၍ လွင့်သော"အမည်ဖြင့် အသက်သွင်းလိုက်တဲ့ ရုပ်ရှင်ဇာတ်ကားကြီး’’ လို့လည်း ဆက်လက် ပြောပြခဲ့ပါတယ်။

Photo: Mg Thein

‘’လှပ်၍ လွင့်သော’’ ရုပ်ရှင်ကားကြီးဟာ သူ့ရဲ့ အကောင်းဆုံး ဖန်တီးမှုတွေထဲက အသစ်တစ်ခုဖြစ်တယ်လို့ ဒါရိုက်တာဝိုင်းက ပြောပြထားပါတယ်။ ဒီဇာတ်ကားကို ခရေဖြူ ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တာဖြစ်ပြီး ၂၀၁၉ ခုနှစ် မတ်လ ၂၂ ရက်နေ့မှာ ရန်ကုန်တစ်မြို့လုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။

Photo: Amazing Grace

ဒါရိုက်တာဝိုင်းဟာ အနုပညာလောကထဲကို သရုပ်ဆောင် တစ်ယောက်အဖြစ် Music Video တွေကနေတဆင့် ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ ဒါရိုက်တာ ဝိုင်းဟာ ၂၀၁၃ ခုနှစ်က ‘’စေတန်ရဲ့ ကချေသည်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ဒါရိုက်တာဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။ အဲ့ဒီနောက် ၂၀၁၅ ခုနှစ်မှာ ‘’ကျွန်မက နှင်းဆီပါ မောင်’’ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ဒါရိုက်တာဆု ကို ထပ်မံရရှိခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ ‘’ရင်ဘတ်ထဲက ဓား’’ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ကိုယ်ပိုင်ဇာတ်ညွှန်းဆုကို ဆက်လက်ပိုင်ဆိုင်နိုင်ခဲ့တဲ့ ဒါရိုက်တာတစ်ယောက် ဖြစ်ပါတယ်။

ဒါရိုက်တာ ဝိုင်း ကိုယ်တိုင် ရိုက်ကူးထားတဲ့ ‘’သမ္မတကြီးထံ ပေးစာ’’ ရုပ်ရှင်ဇာတ်ကားကြီးကလည်း ၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီထူးချွန်ဆု ပေးပွဲ စာရင်းမှာ ဆန်ခါတင် ဇာတ်ကားတစ်ကားအဖြစ် ပါဝင်နေတာကို တွေ့ရပါတယ်။ ဒီဇာတ်ကားထဲမှာလည်း ပါဝင်ကြတဲ့ သရုပ်ဆောင်တွေနဲ့ အတူ ဇာတ်လမ်းဇာတ်အိမ် ပုံဖော်တင်ဆက်မှုကောင်းခဲ့တာတွေကြောင့် ဒီနှစ်မှာလည်း သူ့ရဲ့ ပရိသတ်တွေက ဘယ်လို အကယ်ဒမီဆုတွေ ဆွတ်ခူးနိုင်မလဲ ဆိုတာကို စိတ်လှုပ်ရှားလို့နေပါတယ်။ 



က္က