SAISAI BIRTHDAY SHOW IN BEDROOM ဆိုပြီးတော့ နာမည်ပေးထားပါတယ်။

စိုင်းစိုင်းကတော့ သူ့ရဲ့ မွေးနေ့ Show ပွဲကို ပရိသတ်တွေ အိပ်ခန်းထဲကပဲ စောင့်ကြည့်ရတော့မှာဖြစ်တယ်လို့ ဆိုပါတယ်။ 

Photo: M2K



စိုင်းစိုင်းခမ်းလှိုင်ကတော့ သူ့ရဲ့ မွေးနေ့ ဖျော်ဖြေပွဲကို အကျဉ်းချုံးလုပ်ဖို့ စီစဉ်ထားပေမယ့်လည်း အခုဆိုရင် သူ့ရဲ့ အိပ်ခန်းထဲမှာပဲ လုပ်ဖြစ်တော့မယ်လု့ိ ပြောပါတယ်။ မွေးနေ့ပွဲအတွက် စိုင်းစိုင်းရဲ့ အစီအစဉ်ကို အခုလို ပြောပြလာပါသေးတယ်။ 

"ဒီနှစ်အခြေအနေအရ လူစုဖို့ မဖြစ်နိုင်တော့ပဲ အားလုံးအိမ်ထဲမှာပဲ တတ်နိုင်သလောက်နေဖို့ ဖြစ်လာတဲ့အခါကျွန်တော့် မွေးနေ့ပွဲကို အိပ်ခန်းထဲမှာပဲ ကျင်းပဖို့ ဖြစ်လာပါတယ်။ ၁၅ နှစ်ဆက်တိုက် ကျွန်တော်မွေးနေ့ပွဲကျင်းပရာနေရာကို ကျွန်တော်ပရိသတ်တွေ တက်ရောက်ခဲ့ကြပြီးတဲ့နောက် ဒီနှစ်မှာတော့ လူတိုင်းရဲ့ အိပ်ခန်းထဲကနေပဲ ကျွန်တော့်ဖျော်ဖြေမှုကို ကြည့်ရှုကြရတော့မှာဖြစ်ပါတယ် ။ ကမ္ဘာ့ကျန်းမာရေး အခြေအနေက နေ့စဉ်ပြောင်းလဲနေတာကြောင့် ကျွန်တော်ဘယ်လို ဖျော်ဖြေမယ်ဆိုတာ အခုချိန်မပြောနိုင်သေးပါဘူး" ဆိုပြီးတော့ မတ်လ ၂၀ ရက်နေ့ ည ၉ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက် နှာမှာ ရေးသားခဲ့တာပါ။ 

Photo: Sai Sai

စိုင်းစိုင်းခမ်းလှိုင်ကတော့ သူ့ရဲ့ Birthday Show ကို ၂၀၀၅ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့တာြ ဖစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်နေကြဖြစ်တဲ့ ဒီဖျော်ဖြေပွဲကိုတော့ ပရိသတ်တွေကလည်း စောင့်မျှော်အားပေးလျှက်ရှိပါတယ်။ ၂၀၁၉ ခုနှစ်အထိ ပျော်ပျော်ရွှင်ရွှင်ကျင်းပခဲ့တဲ့ ပွဲဖြစ်တာကြောင့်လည်း ၂၀၂၀ ခုနှစ်မှာ ဆက်လက်ကျင်းပဖို့ ပရိသတ်တွေက စောင့်မျှော်နေခဲ့ကြတာပါ။ လက်ရှိဖြစ်ပေါ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ၂၀၁၉ ခုနှစ်အတွက် ရုပ်ရှင်အကယ်ဒမီဆုပေးပွဲကြီး လည်း ရက်ရွှေ့ခဲ့ရသလို ပရိသတ်များစွာနဲ့ ကျင်းပပြုလုပ်မယ့် အခမ်းအနားတော်တော်များများကလည်း ရက်တွေ ရွှေ့ဆိုင်းခဲ့တာ တွေ့ရပါတယ်။

Photo: Faith

စိုင်းစိုင်းခမ်းလှိုင်ဟာ April လ ၁၀ ရက်နေ့မှာ ကျရောက်တဲ့ သူ့ရဲ့ မွေးနေ့အတွက် ဂီတဖျော်ဖြေမှုကို အိပ်ခန်းထဲမှာပဲ လုပ်ဖြစ်ဖို့ ပိုများတယ်လို့ ပြောပါတယ်။ ပရိသတ်တွေ အားပေးလို့ရအောင် တိုက်ရိုက်ထုတ်လွှင့်ပေးသွားဖို့ရှိတယ်လို့ ဆိုပါတယ်။ 

"တီးဝိုင်းနဲ့ သူငယ်ချင်းတွေနဲ့ပါ ဖြစ်နိုင်သလို ကျွန်တော်တစ်ယောက်တည်း One Man Show လည်း ဖြစ်ချင်ဖြစ်နေနိုင်ပါတယ်။ ဒါက April 10 ရက်နေ့ရဲ့ အခြေအနေပေါ်မူတည်မှာပါ ။ ဘယ်လိုပုံစံနဲ့ထုတ်လွှင့်မယ် ဘယ်ကနေကြည့်ရမယ် ဆိုတာ ပြန်ပြီးကြေညာပေးပါမယ်။ ထုတ်လွှင့်မှုဟာအခမဲ့ပဲဖြစ်ပါမယ် Covid 19 အတွက် လိုအပ်လို့ရှိရင် ( လိုအပ်မှပါ ) FUND RAISING အစီအစဉ်ကို ထည့်သွင်းပါမယ်။ အိပ်ခန်းထဲမှာဖျော်ဖြေပြီး အိပ်ခန်းထဲကကြည့်ရမယ့် Show မို့ SAISAI BIRTHDAY SHOW IN BEDROOM လို့ရိုးရိုးပဲ နာမည်ပေးလိုက်ပါတယ်။ ပရိသတ်များအားလုံး ကျန်းမာကြပါစေ" လို့လည်း ဆက်လက်ပြောပြလာပါတယ်။ 

Photo: Mandalay Universtry

စိုင်းစိုင်းခမ်းလှိုင်ဟာ ၁၈ နှစ်အရွယ်က တည်းက အနုပညာအလုပ်တွေ စတင်လုပ်ဆောင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူဟာ အခုလို ထိပ်တန်းစာရင်းဝင်အနုပညာရှင်တစ်ယောက်ဖြစ်လာဖို့ အခက်အခဲပေါင်းများစွာကိုလည်း ကျော်ဖြတ်ခဲ့ရသူပါ။ သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ ၂၀၀၇ခုနှစ်မှာ မင်္ဂလာပါဇာတ်ကား၊ ၂၀၀၇ခုနှစ်မှာ ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ၊ ၂၀၀၈ခုနှစ်မှာ ရင်ခွင်နှင်းဆီ ၊ ၂၀၁၁ခုနှစ်မှာအာဒံရယ် ဧဝရယ် ဒဿရယ်၊ ၂၀၁၆ခုနှစ်မှာ အေဒင်ရဲ့ နတ်သမီး၊ From Bangkok To Mandalay၊ ဂျုန်းဂျုန်းဂျက်ဂျက် စတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ထားသူ တစ်ဦး ဖြစ်ပါတယ်။ အဲ့ဒီနောက် စိုင်းစိုင်းခမ်းလှိုင်ရဲ့ စီးပွားရေး အနေနဲ့ Frenzo Production မှာလည်းဦးဆောင် သူတစ်ဦးလည်းဖြစ်သလို SAI Cosmetix ရဲ့ ထုတ်လုပ်သူ တစ်ဦးလည်းဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က