ဧည့်သည်တွေ မဖိတ်ပဲ မိသားစု သီးသန့် အလှူလေးတွေလုပ်မှာပါတဲ့။

ပြည်သူချစ်မင်းသမီးချောလေး သက်မွန်မြင့်ကတော့ ဒီနေ့မှာ ကျရောက်တဲ့ မွေးနေ့လေးကို မိသားစုနဲ့ အတူတူ အလှူအတန်းတွေ လုပ်သွားမယ်လို့ ဆိုပါတယ်။ 

Photo: Amazing Grace



ဇူလိုင်(၂၃) ရက်နေ့ကတော့ အကယ်ဒမီ သရုပ်ဆောင် သက်မွန်မြင့်ရဲ့ မွေးနေ့ ဖြစ်ပါတယ်။ သူမရဲ့ မွေးနေ့ ကို သီလရှင်ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ မိဘမဲ့ကျောင်းတွေမှာ အလှူအတန်းတွေ လုပ်သွားမယ်လို့ ဆိုပါတယ်။ 

“ သက်မွန်ရဲ့ မွေးနေ့လေးမှာ လူစုလူဝေးလည်း မလုပ်ရဘူးဆိုတော့ အလှူပွဲတွေ ဘာညာတော့ သိပ်မလုပ်ဖြစ်ဘူး။ သီလရှင်ကျောင်းတစ်ခုမှာ ဆွမ်းကပ်မယ်။ ဆွမ်းကပ်တာကလည်း ကိုယ်တွေ မိသားစုလောက်ပါပဲ။ ဧည့်သည်လည်း မဖိတ်ပဲ သွားလှူမယ်။ တခြား ဘုန်းကြီးကျောင်းတွေမှာလည်း ဆန်၊ ဆီ၊ ဆား တစ်ခုခုပေါ့နော် လိုအပ်တာလေးတွေကို လှူသွားမယ်။ မိဘမဲ့ကျောင်းလေးတွေလည်း လှူမယ်” ဆိုပြီးတော့ ဇူလိုင်(၂၂) ရက်နေ့ ည ၈ နာရီက သူမရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ Live လွှင့်ရင်း ပြောပြခဲ့တာပါ။ 

Photo: Thet Mon Myint

သက်မွန်မြင့်ဟာ အနုပညာသက်တမ်း နှစ်(၂၀) ကျော်လာပြီဖြစ်ပါတယ်။ ပရိသတ်အားပေးမှုတွေကြောင့် အနုပညာအလုပ်တွေ လုပ်ခွင့်ရတဲ့ အတွက် အခုလို အလှူအတန်းတွေ လုပ်နိုင်ခဲ့တာလို့လည်း သူက ဆိုပါတယ်။ 

“ မွေးနေ့မှာ သက်မွန် အခုလို လှူနိုင်တာကလည်း သက်မွန်ကို ချစ်တဲ့ ပရိသတ်တွေ အများကြီးရှိလို့ လှူနိုင်တာပါ။ ဒါကလည်း ပရိသတ်တွေရဲ့ အလှူပါပဲ။ ပရိသတ်နဲ့ သက်မွန် အတူတူ လှူကြမယ်။ သက်မွန် လှူတာတွေအားလုံးသည် ပရိသတ်လည်း လှူတာ ဖြစ်တဲ့ အတွက် သာဓုခေါ်ပါ၊ အမျှ ယူပါလို့ ကြို ပြီးတော့ ပြောပြတာပါ” လို့ ဆက်လက် ပြောပြထားပါတယ်။ 

Photo: Amazing Grace

သက်မွန်မြင့်ဟာ အနုပညာလောကထဲကို အသက်(၁၈) နှစ်ကတည်းက ဝင်ရောက်လာခဲ့သူဖြစ်ပါတယ်။ သူမက VCD သီချင်းတွေမှာ စတင် သရုပ်ဆောင်ရင်း ပရိသတ်တွေ အားပေးမှု ရရှိခဲ့တာပါ။ အခုဆိုရင်တော့ ပရိသတ်အခိုင်အမာ ရရှိလာတဲ့ ထိပ်တန်း မင်းသမီးတစ်ယောက်ဖြစ်လို့နေပါပြီ။ သက်မွန်မြင့်ရဲ့ ထူးခြားချက်ကတော့ ချစ်စရာကောင်းတဲ့ မျက်ဝန်း၊ အေးချမ်းတဲ့ အပြုံးကို ပိုင်ဆိုင်ထားတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပြီး အရပ်မြင့်မြင့်၊ ခန္ဓာကိုယ် တောင့်တောင့်လေးနဲ့ လှပတဲ့မိန်းကလေးတစ်ယောက်ပါ။ အနုပညာကို ဝါသနာပါလွန်းတာကြောင့် မွေးရပ်မြေ ချင်းတောင်တန်းကနေ ရန်ကုန်ကို ရောက်ရှိလာတဲ့ ချင်းတိုင်းရင်းသူလေး တစ်ယောက်ပါ။ 

Photo: Amazing Grace

လက်ရှိမှာတော့ သက်မွန်မြင့်က အကယ်ဒမီဆု (၂) ဆုကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင် ဆုကို ‘’အာဒံရယ် ဧဝရယ် ဒဿရယ် ‘’ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပထမဆုံး အကယ်ဒမီဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၆ ခုနှစ် အတွက် အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ‘’ ချစ်လှစွာသော အမုန်း’’ ဇာတ်ကားနဲ့ ဒုတိယအကြိမ်မြောက် ရရှိခဲ့တာဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က