Covid-19 ကုသရေးနဲ့ ထိန်းချုပ်ရေးအတွက် လှူဒါန်းခဲ့တာပါ။

စိုင်းစိုင်းခမ်းလှိုင်ဟာ SAISAI Birthday Show in Bedroom တုန်းက ရရှိခဲ့တဲ့ အလှူငွေတွေ ထဲမှ နောက်ဆုံး ကျန်ရှိတဲ့အလှူငွေတွေကို မန္တလေးမြို့တိုင်းဒေသကြီးရဲ့ Covid ကာကွယ်ရေးလုပ်ငန်းစဥ်တွေ အတွက် လှူဒါန်းခဲ့ပါတယ်။

Photo: Sai Sai



စိုင်းစိုင်းခမ်းလှိုင်က Birthday Show ကနေ ရရှိလာတဲ့ အလှူငွေတွေကို COVID-19 ကာကွယ်ရေး အစီအစဥ်တွေမှာ ပြန်လည်လှူဒါန်းသွားမယ်လို့ ပြောခဲ့ဖူးပါတယ်။ သူပြောထားတဲ့အတိုင်းပဲ မွေးနေ့ပွဲ ပြီးကတည်းက မွေးနေ့က ရရှိခဲ့တဲ့အလှူငွေကို ပြန်လည်လှူဒါန်းခဲ့ရာ ဒီနေ့မှာ နောက်ဆုံးကျန်ရှိတဲ့အလှူငွေ (၄၇)သိန်းကျော်အပြင် သူ့ရဲ့ကိုယ်ပိုင်ငွေ သိန်း(၅၀)ကျော် ထပ်ပေါင်းပြီး စုစုပေါင်း သိန်း(၁၀၀)ကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံသို့ COVID-19 ကာကွယ်ရေးလုပ်ငန်းစဥ်မှာ အသုံးပြုဖို့အတွက် လှူဒါန်းလိုက်တယ်လို့ ဆိုပါတယ်။ 

" SAISAI Birthday Show in Bedroom မှ ကောက်ခံရရှိသော အလှူငွေများမှနောက်ဆုံးလက်ကျန် ၄၇၆၉၈၆၀ ကျပ်ကို ကျွန်တော် လှူဒါန်းသော ၅၂၃၀၁၄၀ ကျပ် ထပ်ပေါင်း၍ သိန်း ၁၀၀ ကျပ်တိတိကို မန္တလေး Covid-19 ကိစ္စအသုံးပြုနိုင်ပါရန် လှူဒါန်းပြီးဖြစ်ပါကြောင်း တင်ပြပါတယ်။ အလှူငွေအားလုံးကို တပြားမကျန်လှူဒါန်းပြီးပါပြီခင်ဗျာ" ဆိုပြီးတော့ ဇွန်လ ၁၈ ရက်နေ့ ညနေ ၂ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။ 

Photo: Sai Sai

စိုင်းစိုင်းခမ်းလှိုင်ဟာ ၂၀၂၀ ခုနှစ်၊ ဧပြီလ၊ (၁၀) ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ " SAI SAI Birthday in Bedroom" ဖျော်ဖြေမှုက ရရှိလာတဲ့ ငွေကျပ်သိန်း(၉၀၀) ဝန်းကျင်ကို COVID-19 ကာကွယ်ရေးလုပ်ငန်းစဥ်တွေအတွက် နေရာ(၄) နေရာမှာခွဲပြီး လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

" ၄ နေရာခွဲပြီး လှူခဲ့ပါတယ်။ COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီကို သိန်း (၃၀၀) ကျပ်၊ ရန်ကုန်တိုင်း ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနကို သိန်း (၃၀၀) ၊ရန်ကုန်တိုင်း ( ဖောင်ကြီးစင်တာ ) ကို အသက်ရှူစက် ၁ လုံး ( သိန်း ၂၀၀ ဝန်းကျင် ) ၊ မန္တလေးကို သိန်း ၁၀၀ ဖြစ်ပါတယ်။ ကျွန်တော့် မွေးနေ့ဖျော်ဖြေပွဲ အကြောင်းပြုပြီး ပရိသတ်များနဲ့ မိတ်ဆွေများအားလုံးရဲ့ စုပေါင်း အလှူဖြစ်ပါတယ်" ဆိုပြီးတော့ ဆက်လက် ရေးသားခဲ့ပါတယ်။ 

Photo: Sai Sai

စိုင်းစိုင်းခမ်းလှိုင်ဟာ သူ့ရဲ့ Birthday Show ကို ၂၀၀၅ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့တာဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်နေကြဖြစ်တဲ့ ဒီဖျော်ဖြေပွဲကိုတော့ ပရိသတ်တွေကလည်း စောင့်မျှော်အားပေးလျှက်ရှိသလို နှစ်စဥ်နှစ်တိုင်းလည်း အောင်မြင်မှုများစွာ ရရှိခဲ့တာပါ။ စိုင်းစိုင်းဟာ ၁၈ နှစ်အရွယ်က တည်းက အနုပညာအလုပ်တွေ စတင်လုပ်ဆောင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဂီတမှာသာမက သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ ၂၀၀၇ခုနှစ်မှာ မင်္ဂလာပါဇာတ်ကား၊ ၂၀၀၇ခုနှစ်မှာ ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ၊ ၂၀၀၈ခုနှစ်မှာ ရင်ခွင်နှင်းဆီ ၊ ၂၀၁၁ခုနှစ်မှာအာဒံရယ် ဧဝရယ် ဒဿရယ်၊ ၂၀၁၆ခုနှစ်မှာ အေဒင်ရဲ့ နတ်သမီး၊ From Bangkok To Mandalay၊ ဂျုန်းဂျုန်းဂျက်ဂျက် စတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ထားသူ တစ်ဦး ဖြစ်ပါတယ်။ အဲ့ဒီနောက် စိုင်းစိုင်းခမ်းလှိုင်ရဲ့ စီးပွားရေး အနေနဲ့ Frenzo Production မှာလည်းဦးဆောင် သူတစ်ဦးလည်းဖြစ်သလို SAI Cosmetix ရဲ့ ထုတ်လုပ်သူ တစ်ဦးလည်းဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က