ဧပြီလ ၁၀ ရက်နေ့မှာ လုပ်မှာပါ

စိုင်းစိုင်းခမ်းလှိုင်ရဲ့ ဧပြီလ ၁၀ ရက်နေ့ Birthday Show ကို ရန်ကုန်မြို့မှာ ကျင်းပပြုလုပ်သွားမယ်လို့ ကြေညာလိုက်ပါပြီ။

Photo: RBV



ပရိသတ်အချစ်တော် စိုင်းစိုင်းခမ်းလှိုင်ရဲ့ Birthday Show ပွဲကြီးကို ရန်ကုန်မြို့မှာ ကျင်းပပြုလုပ်ဖို့ သေချာသွားပြီဖြစ်ပါတယ်။ ဖျော်ဖြေပွဲပြုလုပ်မယ့် နေရာကိုလည်း စိုင်းစိုင်းက အခုလို ကြေညာမောင်းခတ်လိုက်ပါပြီ။

‘’မိတ်ဆွေများခင်ဗျား။ ၁၅ ကြိမ်မြောက် SAISAI BIRTHDAY SHOW ကို ရန်ကုန် သုဝဏ္ဏဘူမိကွင်းမှာ ကျင်းပမှာဖြစ်ပါတယ်။ ပံ့ပိုးကူညီတဲ့ Sponsor Brand တွေနဲ့ အသေးစိတ်အကြောင်းအရာတွေ ဖျော်ဖြေရေးအစီအစဉ်တွေကို ထပ်မံကြေညာပါမယ်’’ ဆိုပြီးတော့ မတ်လ ၁၁ ရက်နေ့ ည ၁၀ နာရီ ၉ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: ဝဏ္ဏခွာနီး

ဒီ ဖျော်ဖြေပွဲအတွက်ကိုလည်း စိုင်းစိုင်းကိုယ်တိုင်က နေ့မနား၊ ညမအား အားသွန်ခွန်စိုက် ဆောင်ရွက်နေသူပါ။ ဒါကြောင့်လည်း ပရိသတ်တွေကို အချိန်မပေးနိုင် ဖြစ်ခဲ့ရတယ်လို့ မတ်လ ၉ ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားထားတာကိုလည်း တွေ့ရပါတယ်။

‘’Birthday Show အတွက် ဒီမနက် အစည်းအဝေးတက်ဖို့ မနေ့ညက ဘန်ကောက်ကို လေယာဉ်တစ်တန်၊ ရထားတစ်တန်နဲ့သွားပြီး ဒီနေ့ညနေ Taxi တစ်တန် ကားလမ်းပိတ်ပြီး နောက်ကျလို့ ရထားတစ်တန် အသားကုန်ပြေးပြီး လေယာဉ်တစ်တန်နဲ့ ပြန်လာပြီး အခု Birthday Show အမှီ ပရိသတ်ကိုလက်ဆောင်ပေးနိုင်ဖို့ Frenzo နဲ့ အစည်းအဝေးကို ထပ်ပြေးနေတဲ့မေမေ့သားလေး။ တစ်လက်စတည်း ပွဲအတွက် ဒီလောက် ချာလပတ်ရမ်းအောင် လုပ်နေရတဲ့အတွက် ဘယ်ကျောင်းကိုမှ မရောက်ဖြစ်တာကိုလည်း နားလည်ခွင့်လွှတ်ပါလို့ တောင်းပန်ရင်း’’ ဆိုပြီးတော့ ရေးသားထားတာပါ။

Photo: Sai Sai

စိုင်းစိုင်းခမ်းလှိုင်ဟာ အနုပညာနဲ့ ပတ်သက်ပြီး သရုပ်ဆောင်ဘက်မှာရော ဂီတဘက်မှာပါ အတွေ့အကြုံတွေ အများကြီးရှိသူ တစ်ဦးဖြစ်ပါတယ်။ Birthday Show မှာ သူ့ရဲ့ ပရိသတ်တွေကို စည်းစည်းလုံးလုံးရှိစေချင်တယ်လို့ ဆိုပါတယ်။

‘’ဒီနှစ်Birthday Show ကို လုပ်ဖြစ်အောင် လုပ်ပါမယ်။ ဒီနှစ်က ၁၅နှစ်ပြည့်ဖြစ်ပါတယ်။ 15Years Anniversary လုပ်မှာဖြစ်ပါတယ်။ ဒီနှစ်မွေးနေ့ကကျွန်တော့်အတွက်အင်မတန်အရေးကြီးတဲ့ မွေးနေ့ဖြစ်ပါတယ်။ ကျွန်တော့်သူငယ်ချင်းတွေအကုန်လုံးကိုလည်းဖိတ်မယ်။ တစ်စုတစ်စည်းတည်း ရှိနေစေချင်တယ်’’ လို့ ဇန်နဝါရီလ ၃၁ရက်နေ့ ည ၈ နာရီ ၄၆မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ Live လွှင့်ရင်းပြော ပြခဲ့တာ ဖြစ်ပါတယ်။

Photo: Htoo Kyaw Htet

စိုင်းစိုင်း (Sai Sai Kham Leng)ဟာသရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ ၂၀၀၇ခုနှစ်မှာ မင်္ဂလာပါဇာတ်ကား၊ ၂၀၀၇ခုနှစ်မှာ ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ၊ ၂၀၀၈ခုနှစ်မှာ ရင်ခွင်နှင်းဆီ ၊ ၂၀၁၁ခုနှစ်မှာအာဒံရယ် ဧဝရယ် ဒဿရယ်၊ ၂၀၁၆ခုနှစ်မှာ အေဒင်ရဲ့ နတ်သမီး၊ From Bangkok To Mandalay၊ ဂျုန်းဂျုန်းဂျက်ဂျက် စတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ထားသူ တစ်ဦး ဖြစ်ပါတယ်။ အဲ့ဒီနောက် စိုင်းစိုင်းခမ်းလှိုင်ရဲ့ စီးပွားရေး အနေနဲ့ Frenzo Production မှာလည်းဦးဆောင် သူတစ်ဦးလည်းဖြစ်သလို SAI Cosmetix ရဲ့ ထုတ်လုပ်သူ တစ်ဦးလည်းဖြစ်ပါတယ်။



က္က