သူမရဲ့ မိခင် ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။

မို့မို့မြင့်အောင်ကတော့ မိခင်ကြီးရဲ့ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်ရင်း စိတ်မကောင်းဖြစ်နေရတယ်လို့ဆိုပါတယ်။ 

Photo: Moh Moh Myint Aung



သရုပ်ဆောင် မို့မို့မြင့်အောင်ကတော့ သူမရဲ့ မိခင်ကြီးကို ဆုံးရှုံးလိုက်ရလို့ စိတ်မကောင်းဖြစ်လို့နေပါတယ်။ ကွယ်လွန်သွားပြီဖြစ်တဲ့ မိခင်ကြီးအတွက် သူမရင်ထဲက ခံစားချက်တွေကို အခုလို ပြောပြလာပါတယ်။ 

" ဒီနေ့ကတော့ မို့ရဲ့ မြင့်မိုရ်တောင်ကြီးပြိုတဲ့နေ့ပါပဲ။ မိခင် အသက်ကြီးလေ တန်ဖိုးကြီးလေပါပဲ။ တန်ဖိုးကြီးမားလှတဲ့ လက်တစ်စုံ ခြေတစ်စုံကို မို့ ဆုပ်ကိုင်ခွင့်မရတော့ပါဘူး။ သနပ်ခါးလေးတွေ ဖွေးပြီး ပါးရေလေးတွေတွန့်နေတဲ့ ပါးပြင်လေးကိုလည်းနမ်းခွင့်မရတော့ပါဘူး။ သွားလေးတွေမရှိတော့တဲ့ သွားဖုံးလေးကြားက လျှာလေးပေါ်လည်း အစာအဟာရ ခွန့်ခွင့်မရတော့ပါဘူး။ ညဘက်မှာလည်း ငါးပါးသီလ အတူယူ ဂုဏ်တော်သုံးပါး အတူရွတ် ၂၄ ပဌာန်းဒေသနာတော်လည်း အတူရွတ်ခွင့်မရတော့ပါဘူး။ ဒီနေ့ မာမီကို တွေ့တာ နောက်ဆုံးနေ့ပါပဲ" ဆိုပြီးတော့ အောက်တိုဘာလ (၁) ရက်နေ့ ည ၉ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။

Photo: Moh Moh Myint Aung

အကယ်ဒမီ မို့မို့မြင့်အောင်ရဲ့ မိခင်ကြီးကတော့ အသက်(၉၉) နှစ်ရှိပြီဖြစ်ပါတယ်။ စက်တင်ဘာလ (၃၀) ရက်နေ့က လူကြီးရောဂါနဲ့ ကွယ်လွန်သွားခဲ့တာ ဖြစ်ပြီး အောက်တိုဘာလ (၁) ရက်နေ့မှာတော့ မိသားစုဝင်တွေစုပြီး ရေဝေးသုဿာန်မှာ ဈာပန ပွဲ ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။ မို့မို့မြင့်အောင်ရဲ့ မိခင် ကွယ်လွန်သွားခဲ့တာကြောင့် အနုပညာမောင်နှမတွေ၊ ပရိသတ်တွေကလည်း စိတ်မကောင်းဖြစ်လို့နေပါတယ်။ 

Photo: Moh Moh Myint Aung

မို့မို့မြင့်အောင်(Moht Moht Myint Aung)ဟာ လက်ရှိမှာ MRTV-4 ဇာတ်လမ်းတွဲတွေမှာ သရုပ်ဆောင်နေကြတဲ့ အနုပညာရှင်တော်တော်များများကို ကာရိုက်တာနဲ့ ပတ်သက်ပြီး လေ့ကျင့်သင်ကြားပေးနေရသူ တစ်ဦးဖြစ်ပါတယ်။ သူမဟာ ၁၉၈၀ ခုနှစ်က ‘’မွန်းတည့်ချိန်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကနေ အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ သူမ ရဲ့ အနုပညာသက်တမ်းကတော့ ၃၉ နှစ်ရှိပါပြီ။ အဲဒီနောက် အနုပညာ မှတ်တိုင် ဖြစ်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကတော့ ၁၉၈၅ ခုနှစ်က ‘’နှလုံးသားမြို့တော်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ ဆု အဖြစ် ပထမဆုံးအကယ်ဒမီဆုကို ရရှိခဲ့ပါတယ်။ အဲဒီနောက် ၁၉၈၉ ခုနှစ်မှာ ‘’ခပ်စိမ်းစိမ်း နေပါမယ်’’ ရုပ်ရှင်ကား၊ ၁၉၉၁ ခုနှစ်မှာ ‘’ သမီးနှင့် အမေများ’’ ဆိုတဲ့ ရုပ်ရှင်ကား၊ ၁၉၉၆ ခုနှစ်မှာ ‘’မသုဓမ္မစာရီ’’ ဆိုတဲ့ ရုပ်ရှင်ကား၊ ၂၀၀၈ ခုနှစ်မှာတော့ ‘’မြင်းမိုရ်ထက်က သရဖူ’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ရရှိပိုင်ဆိုင်ခဲ့သူဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က