နေတိုးကလည်း ညီလေးကို သတိရတဲ့အကြောင်းတွေ ပြောလာပါတယ်။
Sabal Thwin

မင်းသွေး ကွယ်လွန်တာ (၂) နှစ်ပြည့်တဲ့နေ့လေးမှာ အစ်ကိုဖြစ်သူ နေတိုးက အမှတ်တရအနေနဲ့ မင်းသွေးကိုယ်တိုင် သီဆိုထားတဲ့ သီချင်းလေးကို ပရိသတ်နဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ 

ဒီနေ့ ( အောက်တိုဘာလ ၃ ရက်) ကတော့ သရုပ်ဆောင် မင်းသွေး ကွယ်လွန်သွားတာ (၂) နှစ်ပြည့်ပြီ ဖြစ်ပါတယ်။ ပရိသတ်အတွက် အမှတ်တရအနေနဲ့ အစ်ကိုဖြစ်သူ နေတိုးက မင်းသွေးကိုယ်တိုင် သီဆိုထားတဲ့ " ဟင်းလင်းပြင်" ဆိုတဲ့ Music Video လေးကိုလည်း မိတ်ဆက်ပေးခဲ့ပါတယ်။ 

" ဒီနေ့ဟာ ကျွန်တော်တို့အားလုံးကို မင်းသွေးနှုတ်မဆက်ပဲထွက်သွားခဲ့တာ၂နှစ်ပြည့်ခဲ့ပါပြီ။ မတည်မြဲခြင်းဆိုတဲ့သင်္ခါရတရားကိုသူလုပ်ခဲ့တဲ့အနုပညာနဲ့ပြသထားတဲ့MVလေးကိုမင်းသွေးရဲ့ပရိသတ်များအားလုံးအတွက်မျှဝေပေးလိုက်ပါတယ်ခင်ဗျာ" ဆိုပြီးတော့ အောက်တိုဘာလ(၃) ရက်နေ့ နေ့လယ် (၁) နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာပါ။ 

Photo: Nay Toe

" ဟင်းလင်းပြင်"သီချင်းလေးရဲ့ ပုံစံကတော့ လူ့ဘဝကို ခဏတာ ရောက်ရှိလာတဲ့ အချိန်မှာ ရင်ဆိုင်၊ ကြုံတွေ့၊ ဖြတ်သန်းရတဲ့ သင်္ခါရတရားတွေကို မင်းသွေးက သီချင်းလေးနဲ့ ပုံဖော်ထားတာ ဖြစ်ပါတယ်။ သီချင်းလေးကို နားထောင်ရတဲ့ ပရိသတ်တိုင်းကတော့ ဝမ်းနည်းနေမိကြမှာ အမှန်ပါပဲ။ ဒီသီချင်းလေးထဲမှာ မင်းသွေးနဲ့ ချစ်သူကောင်မလေးတို့ရဲ့ အမှတ်တရ ဗီဒီယိုလေးတွေကို ထည့်သွင်းပြီး ပုံဖော် ပေးထားတာပါ။ မင်းသွေးကို ချစ်ခင်ကြတဲ့ ပရိသတ်တွေကတော့ ဒီ သီချင်းလေးကိုအားပေးရင်း မင်းသွေးကို သတိရတဲ့ အကြောင်းတွေ Comment မှာ ရေးသားထားတာကိုလည်း တွေ့ရပါတယ်။ 

Photo: Nay Toe

နေတိုးကိုယ်တိုင်ကလည်း ညီဖြစ်သူ မင်းသွေးကို မမေ့နိုင်သေးတဲ့ အကြောင်းပြောပြခဲ့ပါသေးတယ်။ 

"ပရိသတ်များအားလုံးလည်းဘဝတိုတိုအတွင်းမှာတစ်ဦးအပေါ်တစ်ဦးမေတ္တာတရားတွေနဲ့နေထိုင်နိုင်ကြပါစေလို့ ဆုတောင်းပါတယ်ခင်ဗျာ....သတိရခြင်းများစွာဖြင့်...အစ်ကို နေတိုး။ ဒီ MV လေးအားသက်ဆိုင်သူများရဲ့ခွင့်ပြုချက်ကိုယူပြီး ဒါရိုက်တာ . ပြည့်ဇော်ဖြိုး မှဖန်တီးပေးထားတာဖြစ်ပါတယ် အားလုံးကိုကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ" လို့ ဆက်လက် ရေးသားထားပါတယ်။ 

Photo: Nay Toe

မင်းသွေးဟာ ၂၀၁၈ခုနှစ်၊ အောက်တိုဘာ(၃) ရက်နေ့က ရုတ်တရက် ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ ကွယ်လွန်ပြီးတဲ့နောက်မှာလည်း ပရိသတ်တွေရော၊အနုပညာရှင်တွေကပါ ဝမ်းနည်းကြေကွဲခဲ့ကြရပါတယ်။ မင်းသွေးကွယ်လွန်ပြီးတဲ့နောက်မှ ရုံတင်ခဲ့တဲ့ မုန်းစွဲ ရုပ်ရှင်ဇာတ်ကား၊ သတ်ကွင်း ရုပ်ရှင်ဇာတ်ကား၊ မဟူရာ ရုပ်ရှင်ရုံ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ကနေတဆင့်လည်း မင်းသွေးကို ပရိသတ်တွေက သတိရစေခဲ့ပြန်ပါတယ်။

နေတိုးကလည်း မင်းသွေးရဲ့ ဆန္ဒအရ ရခိုင်ပြည်နယ် မာန်အောင်ကျွန်းမှာ တည်ထား ကိုးကွယ်ခဲ့တဲ့ မာန်အောင်မြို့နယ် သံကျောက်တောင် မဟာဇေယျသိဒ္ဓိမဟာမုနိရှင် တော်မြတ်ဘုရာကြီး ဘုရားအနေကဇာတင်လှူဒါန်းခဲ့ပြီးဖြစ်ပါတယ်။ မင်းသွေးရဲ့ တစ်ကိုယ်တော်အခွေကိုလည်း အစ်ကိုဖြစ်သူ နေတိုးက အပြီးသတ်ဆောင်ရွက်ပေးခဲ့တာ ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ


Author


က္က