အနုပညာနဲ့ ပတ်သက်ပြီး အခုလို အကြံပြုစကားဆိုထားပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံက ရုပ်ရှင် နှစ်(၁၀၀) ပြည့် အတွက် ဂုဏ်ပြုစကားပြောကြားခဲ့တာပါ။

Photo: MRTV



မြန်မာ့ရုပ်ရှင် နှစ်(၁၀၀) ပြည့် အွန်လိုင်းအခမ်းအနားကို ဒီနေ့ ( အောက်တိုဘာလ ၁၃ ရက်) ညနေ(၅)နာရီအချိန်ကစတင်ခဲ့တာဖြစ်ပြီး MRTV ရုပ်သံလိုင်း၊ ဖေ့စ်ဘွတ်ပေ့ချ်တွေကနေတစ်ဆင့် ထုတ်လွှင့်ကျင်းပခဲ့ပါတယ်။ ဒီ အခမ်းအနားမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ရုပ်ရှင်နှစ်(၁၀၀) ပြည့်အတွက် ဝမ်းသာဂုဏ်ပြုစကား ပြောကြားခဲ့သလို အဆင့်အတန်းမြင့်မားတဲ့ ရုပ်ရှင်တွေ ဖန်တီးပေးကြဖို့ကိုလည်း အတိုင်ပင်ခံက တိုက်တွန်းခဲ့ပါတယ်။

 “ အခုလို နှစ်(၁၀၀) သက်တမ်းမှာ မြန်မာ့ရုပ်ရှင်ဟာ လူတိုင်း၊ လူတိုင်းကို စိတ်ခံစားမှု အမျိုးမျိုး၊ အတွေးအခေါ် အမျိုးမျိုးပေးစွမ်းနိုင်တာကို တွေ့ရပါတယ်။ ကမ္ဘာကြီးအတွက် တန်ဖိုးရှိတဲ့ ပေးစွမ်းမှုတွေ ဖြစ်စေချင်ပါတယ်။ ဒီ နှစ်(၁၀၀) သက်တမ်းမှာ ပြည်သူတွေရဲ့ နှလုံးသားကို လှုပ်ကိုင်နိုင်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကောင်းများစွာရှိပါတယ်။ ခေတ်ကာလ ဘယ်လိုပဲ ပြောင်းလဲနေစေကာမူ ရုပ်ရှင်ခေတ်ဦးမှ စပြီး ဒီနေ့ခေတ်တိုင်အောင် ရုပ်ရှင်ကို ပုံဖော်ထုဆစ်ခဲ့ကြတဲ့ အနုပညာရှင်ကြီးတွေရဲ့ သမိုင်းဟာ အခုထိ ရှင်သန်နေတယ်လို့ကျွန်မ အပြည့်အဝ ယုံကြည်ပါတယ်။ ဒီနေ့ ဒီအချိန်မှာ အားလုံးဟာ တိုင်းပြည်နဲ့ လူမျိုးအတွက် အနုပညာနဲ့ ပေးဆပ်ခဲ့ကြတဲ့ အနုပညာရှင်ကြီးတွေကို ကျေးဇူးဆပ်တဲ့ အနေနဲ့ မျက်မှောက်ကာလသာမက အနာဂတ် ကာလအတွက်ကိုပါ ရည်မှန်းပြီး တိုင်းပြည်နဲ့ လူမျိုးကို အကျိုးပြုတဲ့ အနုပညာရှင်များဖြစ်အောင် ကြိုးပမ်းပေးကြပါ။ အဆင့်အတန်း မြင့်မားတဲ့ ရုပ်ရှင်ဇာတ်ကားကောင်းများကို ဖန်တီး ထုတ်လုပ်ပေးကြပါ။ မြန်မာ့ရုပ်ရှင် သမိုင်း နှစ်ပေါင်း ထောင်ချီ ရှင်သန်အောင် ဝိုင်းဝန်းကြိုးပမ်းပေးကြပါ” လို့ ဆိုပါတယ်။ 

Photo: MRTV

မြန်မာ့ရုပ်ရှင်ဟာ (၂၀) ရာစု ခေတ်နှောင်းပိုင်းမှာ ပေါ်ပေါက်လာခဲ့တာ ဆိုပေမယ့် ကမ္ဘာ့ရုပ်ရှင်လောကနဲ့ ရင်ဘောင်တန်းနိုင်တဲ့ အနေအထားရှိနေခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။ ရုပ်ရှင်ဟာ လူသားတွေရဲ့ စိတ်ကို ဒီနေ့ အချိန်ထိ ဆွဲဆောင် ဖမ်းစားနိုင်တာဟာလည်း ပညာရပ်တစ်ခုပါပဲလို့ ဆိုပါတယ်။ ဒါကြောင့် ဆန်းပြားပြီး ကောင်းမွန်တဲ့ ရုပ်ရှင်ဖြစ်လာစေချင်တယ်လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။

“ရုပ်ရှင် ပေါ်ဦးကာလကတည်းက အခု မျက်မှောက်ကာလအထိ ရုပ်ရှင်အနုပညာရပ်တိုင်းဟာ လူသားအားလုံးကို ဆွဲဆောင်ဖမ်းစားနေဆဲဖြစ်ပါတယ်။ ဒါကြောင့်လည်း ရုပ်ရှင် အနုပညာကဏ္ဍဟာ တခြား ကဏ္ဍတွေနဲ့ မတူပဲ ကမ္ဘာ့လူသား အားလုံးကို ကောင်းမွန်တဲ့၊ ဆန်းပြားတဲ့ အနှစ်သာရ ပေးစွမ်းနိုင်ဖို့၊ ကျန်ရစ်စေဖို့ အစဉ်အမြဲကြိုးပမ်းအားထုတ်နေကြဖို့ အရေးကြီးတယ်လို့ ကျွန်မ ယုံကြည်ပါတယ်။ ကမ္ဘာရုပ်ရှင်ဟာ (၁၉) ရာစုနှစ်မှာ စတင်ပေါ်ထွန်းလာတာဖြစ်ပြီး မြန်မာ့ရုပ်ရှင်ဟာ (၂၀) ရာစုနှောင်းပိုင်းမှာ စတင်ပေါ်ပေါက်လာခဲ့တာကြောင့် မြန်မာရုပ်ရှင်ဟာ ကမ္ဘာနဲ့ ရင်ဘောင်တန်းခဲ့တယ်လို့ ပြောနိုင်မှာဖြစ်ပါတယ်” လို့လည်း ဆက်လက် ပြောပြခဲ့တာဖြစ်ပါတယ်။ 

Photo: MRTV

မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား (MRTV) မှာ မြန်မာ့ရုပ်ရှင်နှစ် (၁၀၀) ပြည့် ဇာတ်ကားများကို နေ့စဉ် ထုတ်လွှင့်ပြသလျှက်ရှိပြီး နာမည်ကျော်သရုပ်ဆောင်များ သီဆိုတဲ့ နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် သီချင်းများကိုလည်း အပတ်စဉ် သောကြာနေ့တိုင်း (၁၀) ပုဒ်စီ ထုတ်လွှင့်ပြသနေပါတယ်။ ရုပ်ရှင်နှစ်(၁၀၀) ပြည့် အထိမ်းအမှတ်အဖြစ် ပြသနေတဲ့ ရုပ်ရှင်တွေထဲမှာ ရွှေရတုခေတ် (လွန်ခဲ့တဲ့ နှစ် ၁၀၀ နဲ့ ၇၅ နှစ်အတွင်းက) အဖြူအမဲရုပ်ရှင်များကစတင်ကာ ကာလာရုပ်ရှင်များအထိ အစုံအလင် ပါဝင်သလို မင်းသားကြီး ဇော်လွင်၊ မောင်တင်မောင်၊ဖိုးပါကြီး စတဲ့ ရှေးခေတ်မင်းသားတွေကစလို့ ဝင်းဦးနဲ့ တခြား နာမည်ကြီး မင်းသားမင်းသမီးတွေရဲ့ ရုပ်ရှင်ကားများပါဝင်တယ်လို့ သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က