မနေ့ကအထိ အကောင်းကြီးပါပဲ။

ဥက္ကာမင်းမောင်ကတော့ သူချစ်ရတဲ့ အဘိုးဖြစ်သူကို ဒီနေ့ မနက်မှာ ဆုံးရှုံးလိုက်ရတဲ့အတွက် စိတ်မကောင်းဖြစ်လို့နေပါတယ်။ 

Photo: Oakkar Min Maung



သရုပ်ဆောင် ဥက္ကာမင်းမောင် ကတော့ သူ့ရဲ့ အဘိုးဖြစ်သူဟာ ဒီနေ့ ( အောက်တိုဘာလ ၂၆ ရက်) မနက်ပိုင်းက ကွယ်လွန်သွားခဲ့ပြီလို့ ဆိုပါတယ်။ သူဟာ အဘိုးအဘွားအတွက် မြေးဦးလည်းဖြစ်သလို အဘိုးဖြစ်သူကလည်း သူ့ကို အရမ်းချစ်သူဖြစ်တာကြောင့် အခုလို ဆုံးရှုံးလိုက်ရတဲ့ အပေါ် အရမ်းခံစားနေရတယ်လို့ ဆိုပါတယ်။ 

" ချစ်လှစွာသော အဖိုး ဒီနေ့မနက်ကပဲ အေးချမ်းစွာ သူချစ်တဲ့မိသားစုကို နှုတ်ဆက်သွားခဲ့ပြီ.. မကြာခင်ကပဲ Facetime ခေါ်လို့ စကားတွေပြောရယ်မောနေခဲ့သော ကျွန်တော့် အဖိုး။ ငယ်ငယ်လေးကတည်းက ကိုယ်က မြေးဦးဆိုတော့ အဖိုးတို့ အဖွားတို့ လက်ထဲပဲ ကြီးပြင်းလာခဲ့တာ။ သူ့မြေးအကြောင်းကို သူ့ သူငယ်ချင်းတွေနဲ့တွေ့တိုင်း အမြဲ ကြွားတတ်သော ကျွန်တော့်ရဲ့အဖိုး၊ အသက် ၉၀ ကျော်အရွယ်အထိ အဖိုးရဲ့ဘဝတလျောက်လုံး အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင်ပဲ ဖြတ်သန်းသွားခဲ့တယ်" ဆိုပြီးတော့ အောက်တိုဘာလ ၂၆ ရက်နေ့ မနက်(၁၀)နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။ 

Photo: Oakkar Min Maung

ဥက္ကာမင်းမောင် ကတော့ သူ့ရဲ့ အဘိုးနဲ့ အမှတ်တရ ဓာတ်ပုံလေးတွေ တင်ရင်း အခုလို ရေးသားခဲ့တာ ဖြစ်ပါတယ်။ သူဟာ ပြည်ပမှာ နေထိုင်သူဖြစ်တာကြောင့် မြန်မာနိုင်ငံထဲမှာ ကွယ်လွန်သွားတဲ့ အဘိုးရဲ့နာရေးကို ကိုယ်တိုင် ဆောင်ရွက်ခွင့် မရလို့လည်း စိတ်မကောင်းဖြစ်နေတယ်လို့ သိရပါတယ်။ အဲဒီနောက် ဖခင်ကိုဆုံးရှုံးလိုက်ရတဲ့ သူ့ရဲ့မိခင်ကိုလည်း ဘေးနားကနေ အားပေးခွင့် မရလို့ ပို စိတ်မကောင်းဖြစ်ရတယ်လို့ သူကဆိုပါတယ်။ 

" မနေ့ကထိလဲ အကောင်းကြီး ဒီနေ့မနက် အိပ်ယာထဲမှာဘဲ ဘာဝေဒနာမှ နာနာကျင်ကျင်ခံစားရခြင်းမရှိပဲ အေးချမ်းစွာ ပြန်မလာနိုင်တော့တဲ့ခရီးရှည်ကြီးဆီကို ထာဝရထွက်ခွာသွားခဲ့ပြီ...ထွက်သွားတဲ့သူက တော့ ဘဝကိုအနိုင်နဲ့ ပိုင်းပြီး ထွက်သွားခဲ့ပေမယ့် ကျန်ခဲ့တဲ့ သူတွေကတော့ ဝမ်းနည်းပူဆွေးခြင်းများစွာနဲ့.. ရင်ထဲ မကောင်းလိုက်တာ.. အမေငိုနေတာမြင်တော့ မကြည့်ရက်ဘူး။ အဝေးကနေဘာမှလဲ လုပ်ပေးလို့မရ.. အဖိုး ကောင်းရာသုဂတိလားပါစေ.. အေးချမ်းပါစေ.." ဆိုပြီးတော့လည်း ဆုတောင်းစကား ဆိုထားပါသေးတယ်။
 

Photo: Oakkar Min Maung

ဥက္ကာမင်းမောင်ကို Music Video တွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာကြတာပါ။ အဲ့ဒီနောက် ဗီဒီယို ဇာတ်ကား တော်တော်များများလည်း ရိုက်ကူးထားတာကို တွေ့ရပါတယ်။ သူဟာ Mister Tourism World 2016 Winner ဆုကို ရရှိပိုင်ဆိုင်ထားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အနုပညာလှုပ်ရှားမှု အနေ နဲ့ သရုပ်ဆောင်ဘက်မှာရော၊ ဂီတဘက်မှာပါ အားသွန်ခွန်စိုက် ကြိုးစားခဲ့သူဖြစ်ပြီး 18 Album ကိုလည်း ထွက်ရှိထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။ သူ့အနေနဲ့ မြန်မာနိုင်ငံက အနုပညာအလုပ်တွေလည်း လုပ်ကိုင်လျှက်ရှိသလို New York မှာရှိတဲ့ အနုပညာလောကထဲကိုလည်း ဝင်ရောက်နိုင်ဖို့ ကြိုးစားနေသူဖြစ်ပါတယ်။ သူဟာ အမေရိကန် ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်တဲ့ 'Dead Of Night' Short Film မှာလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ 





ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က