သူမရဲ့ ခံစားချက်အချို့ကိုလည်း ပရိသတ်ကို ဝေမျှလာပါတယ်။

ထက်ထက်မိုးဦးက သူမရဲ့ အနုပညာလမ်းကြောင်းမှာ အကယ်ဒမီဆုတွေနဲ့ ပရိသတ် အားပေးမှုကသာ ခွန်အားတွေ ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။ 

Photo: Li John



သရုပ်ဆောင် ထက်ထက်မိုးဦးက အောက်တိုဘာလ (၂၄) ရက်နေ့တုန်းက Live တစ်ခုမှာ ပရိသတ်တွေကို နှုတ်ဆက်စကားပြောနေချိန် စိတ်မထိန်းနိုင်ဘဲ ရုတ်တရက် ငိုမိခဲ့တာကြောင့် စိတ်မကောင်းဖြစ်နေတဲ့ သူမရဲ့ချစ်ပရိသတ်တွေကို သူမရဲ့ ခံစားချက်အချို့ ဝေမျှလာရင်း နောက်ထပ်မငိုတော့ဘူးလို့ ကတိပေးခဲ့တာ ဖြစ်ပါတယ်။

“ ထက်မငိုတော့ဘူးနော်။ ပရိသတ်တွေက ထက်ကို မငိုပါနဲ့တော့တဲ့။ ချစ်စရာကောင်းပြီး ပြုံးပြုံးလေးနေရမယ်နော်တဲ့ ။ ထက်လည်း ဘယ်ငိုချင်ပါ့မလဲ။ ဒါပေမယ့် ထက်ရဲ့ ဘဝမှာ အချိုးအကွေ့တွေများလွန်းတယ်၊ ငိုတစ်ခါ ရယ်တလှည့်နဲ့ တစ်ခါတလေ ကိုယ့်ဘဝဇာတ်လမ်း ကိုယ်ပြန်ကြည့်နေရသလိုပဲ” ဆိုပြီးတော့ အောက်တိုဘာလ (၂၉) ရက်နေ့ မနက် (၉) နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

Photo: Li John

ထက်ထက်မိုးဦးဟာ ၁၉၉၁ ခုနှစ်ဝန်းကျင်ကတည်းက အနုပညာလောကမှာ ဒိတ်ဒိတ်ကြဲ အောင်မြင်ခဲ့တဲ့ မင်းသမီးတစ်ယောက်ပါ။ အကယ်ဒမီဆု (၂) ဆုလည်း ရရှိခဲ့ပြီးပါပြီ။ ဒီ ဆု နှစ်ခုဟာ သူမရဲ့ အနုပညာလမ်းကြောင်းပေါ်မှာ ခွန်အားတွေ အများကြီးဖြစ်ခဲ့ရတဲ့ ဆုတွေပါလို့လည်း သူက ဆိုပါတယ်။ 

“ ဒီအကယ်ဒမီရုပ်လေး ၂ရုပ် ပြန်ကြည့်မိတိုင်း အကယ်ဒမီ ထက်ထက်မိုးဦး ရဲ့ပရိသတ်တွေ အများကြီး ရှိတယ်ဆိုပြီးတွေးလိုက်ရင် အားတွေရှိသွားရော။ အနုပညာသက်တမ်းနှစ် ၃၀ ကျော်လုံး ထက်ဘေးမှာ အမြဲတမ်းရှိနေပေးခဲ့တာ အကယ်ဒမီရုပ် ၂ရုပ် နဲ့ ထက်ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ အချိန်တိုင်းလက်ခံပေးနေတဲ့ ပရိသတ်ပဲ။ ထက်မှာ ဘာမှပိုင်ဆိုင်မှုတွေ မရှိတော့ရင်တောင် ထက်ပရိတ်သတ်တွေ ရှိနေတယ်လေနော်.... ဒါကဘုရားပေးတဲ့ ဆုလာဘ်တခုပေါ့ ။ ထက်လည်း ခုထက် ပိုကြိုးစားမယ်နော်။ ထက်ကိုလည်း ပိုချစ်ပေးကြပါ။ထက်ကြော်ငြာတာတွေကို လည်းအားပေးကြပါလို့ နော်.....?” ဆိုပြီးတော့လည်း ဆက်လက် ရေးသားထားပါသေးတယ်။ 

Photo: Li John

ကြော်ငြာဘုရင်မအဖြစ် တစ်ခေတ်တစ်ခါက အရမ်းအောင်မြင်ခဲ့တဲ့ သရုပ်ဆောင် ထက်ထက်မိုးဦးဟာ ယခုလို ကိုဗစ်ကာလမှာ ရတနာပစ္စည်းတွေအပါအဝင် ဇိမ်ခံပစ္စည်းအချို့ကို အွန်လိုင်းကနေ Live လွှင့်ပြီး ကူညီရောင်းချပေးတာဖြစ်ပါတယ်။ သူမရဲ့ Live တွေမှာ ဝယ်ယူသူတွေအပြင် သူမကိုချစ်ခင်တဲ့ ပရိသတ်တွေနဲ့ အမြဲတမ်း စည်ကားနေလေ့ရှိပါတယ်။

ထက်ထက်မိုးဦးဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုကျော်က ကြော်ငြာလောကမှာ အအောင်မြင်ဆုံးသူဖြစ်ခဲ့ပြီး ကလေးရော၊ လူကြီးပါ မကျန် အားပေးမှုကို ရခဲ့သူဖြစ်ပါတယ်။ သူမ ရိုက်ကူးခဲ့တဲ့ ကြော်ငြာတွေက ထောင်ချီရှိနေခဲ့တယ်လို့သိရပြီး ရုပ်ရှင်လောကမှာလည်း သူမဟာ ပရိသတ်အားပေးမှုများစွာရရှိခဲ့တဲ့အပြင် အကယ်ဒမီဆုတွေ ဆွတ်ခူးရရှိခဲ့သူဖြစ်ပါတယ်။

အဲဒီနောက် ၁၉၉၁ ခုနှစ်က အနုပညာလောကထဲကို ပထမဆုံးအကြိမ် စတင်ဝင်ရောက်လာခဲ့ပြီး ၁၉၉၆ ခုနှစ်မှာတော့ ပန်းသခင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ပထမဆုံးအကြိမ် ရရှိခဲ့ပါတယ်။ နောက်ထပ်လည်း ‘’ သမီးမိုက်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ဒုတိယအကြိမ်မြောက် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကိုရရှိခဲ့ သူ ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က