ဦးကျော်သူကတော့ စနောက်လိုက်ပါသေးတယ်တဲ့။

ဦးကျော်သူ ကတော့ သူကိုလာကန်တော့တဲ့ သားတပည့်တစ်ဦးဖြစ်တဲ့ အလင်းရောင်ကို စိတ်မကောင်းဖြစ်သွားရလောက်တဲ့အထိ စနောက်ခဲ့တဲ့ အမှတ်တရလေးကို ပြောပြလာပါတယ်။ 

Photo: Kyaw Thu



ကိုဗစ်ရောဂါကူးစက်ခံရလို့ ဝေဘာဂီမှာ ဆေးကုသမှု ခံယူနေရတဲ့ ဦးကျော်သူကို သရုပ်ဆောင်အလင်းရောင်က သွားရောက် ဂါရဝပြုခဲ့တာ တွေ့ရပါတယ်။ “ ငါမသေခင် လာကန်တော့တာပေါ့” ဆိုပြီး စနောက်ခဲ့လို့ အလင်းရောင် တစ်ယောက် မျက်ရည်ဝဲသွားခဲ့တဲ့ အမှတ်တရလေးကို ဦးကျော်သူက ပြောပြခဲ့ပါတယ်။ 

" မှန်အထပ်ထပ်ကာရံထားတဲ့ ကာကွယ်မှုများကြားက အဝေးရောက် တမ်းချင်းတစ်ပုဒ်။အော်...အလင်းရောင်, မင်းက ငါမသေခင် လာကန်တော့တာပေါ့ ဟု တွေ့တွေ့ချင်း နောက်လိုက်၏။ အလင်းရောင် လက်အုပ်လေးချီပြီး မျက်နှာပျက်၍မျက်ရည်ဝဲလာ။ ဒါနဲ့ မဟုတ်ပါဘူးဟ။ ငါနောက်တာပါလို့ပြန်ပြောတော့ မှန်အထပ်ထပ်ကာရံထား၍ သူတို့ မကြားရ။ ဒါနဲ့ လက်ဟန်ခြေဟန်နဲ့ပြောတော့လည်း မရ။ ထွန်းကိုကိုက ဖုန်းဖွင့်ပြီးစပီကာနဲ့ပြောခိုင်းမှရသွား၏။ လူနာက လူနာကိုအားပေးရန်လာသည့် ဧည့်သည်ကို ပြန်ချော့နေရ။တစ်ခုခု ပြန်လုပ်ပြပါဆိုတော့...မင်းတို့အားလုံးကို ... ဒါဘဲကွာ လို့ လက်ဟန်ဖြင့်လုပ်ပြလိုက်၏" ဆိုပြီးတော့ နိုဝင်ဘာလ (၅) ရက်နေ့ ညနေ ၄ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဓာတ်ပုံများနှင့်တကွ ရေးသားထားတာ တွေ့ရပါတယ်။

Photo: Kyaw Thu

အလင်းရောင်ကတော့ ဦးကျော်သူ ရိုက်ကူးတဲ့ " ဒဏ္ဍာရီပင်လယ်" ၊ "ဂမ္ဘီရ မျက်လုံး’’ စတဲ့ ရုပ်ရှင်ကားကြီးထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးပါတယ်။ အဲဒီနောက်မှာလည်း တစ်ယောက်နဲ့ တစ်ယောက် ဆရာတပည့်အရင်းပမာ ချစ်ခင်ရင်းနှီးမှုတွေရှိခဲ့ပါတယ်။ အလင်းရောင်ကလည်း အလုပ်တွေ အားတဲ့ အချိန်မှာ ဦးကျော်သူဦးဆောင်တဲ့ နာရေးကူညီမှု အသင်းမှာ သွားရောက် လုပ်အားပေးလေ့ရှိတာကိုလည်း တွေ့ရပါတယ်။ 

Photo: Kyaw Thu

ဦးကျော်သူဟာ အောက်တိုဘာလ (၂၁) ရက်နေ့ ကတည်းက ကိုဗစ်ရောဂါပိုး ကူးစက်ခံလိုက်ရလို့ ဝေဘာဂီဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေရတာဖြစ်ပါတယ်။သူကိုယ်တိုင် ဦးဆောင်တဲ့ နာရေးကူညီမှုအသင်းဟာ COVID-19 ကာလမှာ ဈာပနပို့ဆောင်ခြင်း၊ ရောဂါပိုးကာကွယ်ရေးအတွက် ဆေးဖြန်းခြင်း၊ မီးဘေးအန္တရာယ် တားဆီးရေး အတွက် ရေသယ်ကားများနဲ့ ကူညီပေးခြင်း၊ ရေရှားပါးတဲ့ ကျေးရွာတွေမှာ ရေအလှူပြုခြင်း စတဲ့ ကုသိုလ်ရေးတွေ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဦးကျော်သူ အနေနဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်) ကို ၂၀၀၀ ခုနှစ်ကတည်းက တည်ထောင်ခဲ့တာပါ။ အခုဆိုရင်တော့ ဒီအသင်းကြီးဟာ နှစ်ပေါင်း(၂၀) ကျော်လာခဲ့ပါပြီ။ ဦးကျော်သူဟာ တစ်ချိန်က အကယ်ဒမီဆုတွေ ရရှိခဲ့ဖူးတဲ့ နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် တစ်ဦးဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က