မြန်မာ့ရုပ်ရှင်အတွက် ပရိသတ်တွေကလည်း ဂုဏ်ယူလို့နေပါတယ်။

သရုပ်ဆောင် လူမင်း၊ ရွှေမှုံရတီတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ “ နို့ဘီလူး” ရုပ်ရှင်ဇာတ်ကားကြီးကတော့ ဘူတန်နိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ Druk International film festival (DIFF) ရုပ်ရှင်ဆုပေးပွဲမှာ ဆု (၄) ဆု ရရှိခဲ့တယ်လို့ သိရပါတယ်။ 

Photo: နို့ဘီလူး



ဘူတန်နိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ Druk International film festival (DIFF) ဆုချီးမြှင့်ပွဲကြီးမှာ ဒါရိုက်တာ လူမင်းကိုယ်တိုင်ရိုက်ကူးထားတဲ့ " နို့ဘီလူး" ရုပ်ရှင်ဇာတ်ကားကြီးက ဇာတ်ကားဆု၊ ဒါရိုက်တာဆု၊ အမျိုးသားဇာတ်ဆောင်ဆုနှင့် အမျိုးသမီးဇာတ်ပို့ဆု စတဲ့ ထူးချွန်ဆု (၄)ဆုကိုရရှိပိုင်ဆိုင်ခဲ့ပြီဖြစ်ပါတယ်။ 

" အောင်သီရိ ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်တဲ့ နို့ဘီလူး ရုပ်ရှင်ဇာတ်ကားကြီးဟာ ဘူတန်နိုင်ငံရှိ Druk International Film Festival မှ ချီးမြင့်တဲ့ 16th Season (Sept 2020) Competition တွင် အမေရိကန်၊ ဂျာမနီ၊ စပိန်၊ ပြင်သစ်၊ အင်္ဂလန်၊ ဂျပန်၊ အိန္ဒိယ၊ ထိုင်ဝမ် အစရှိသော ကမ္ဘာ့နိုင်ငံ အသီးသီးမှ ဇာတ်ကားများစွာနှင့်အတူ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာတွင် ဆု အမျိုးအစားပေါင်းများစွာ အနက်မှ Official Selection အဖြစ် ပထမဦးစွာရွေးချယ်ခံခဲ့ရပါသည်။ ထိုမှတဆင့် Finalist အဆင့်ထိတက်ရောက်နိုင်ခဲ့ပြီး ဆက်လက် ရွေးချယ်ခံခဲ့ရာ - 1.Best Narrative Feature Film Outstanding Achievement Award Winner နို့ဘီလူး ရုပ်ရှင်ဇာတ်ကား (The Milk Ogre)၊ 2.Best Director Outstanding Achievement Award Winner - Director လူမင်း၊ 3.Best Actor Outstanding Achievement Award Winner - လူမင်း၊ 4.Best Supporting Actress Outstanding Achievement Award Winner - ရွှေမှုံရတီတို့က ရရှိခဲ့ပါတယ်" ဆိုပြီးတော့ နို့ဘီလူး ရုပ်ရှင်ကားကြီးရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ နိုဝင်ဘာလ (၄) ရက်နေ့ ညနေ (၄) နာရီကျော်က တင်ခဲ့တာကို တွေ့ရပါတယ်။ 

Photo: နို့ဘီလူး

အခုလို အောင်မြင်မှု ရရှိခဲ့တဲ့ အနုပညာရှင်တွေ အတွက် ပရိသတ်တွေကလည်း Comment ကနေ တဆင့် ဂုဏ်ပြုစကားတွေ ပြောခဲ့တာ တွေ့ရပါတယ်။ “ နို့ဘီလူး” ရုပ်ရှင်ဇာတ်ကားကြီးဟာ Winner ဆုတွေ ရရှိခဲ့ရုံသာမက ၂၀၂၁ ခုနှစ်မှာ ကျင်းပပြုလုပ်မယ့် GOLDEN DRAGON AWARDS ရုပ်ရှင်ဆုချီးမြှင့်ပွဲမှာလည်း ဆန်ခါတင် စာရင်းဝင် ရုပ်ရှင်ကားကြီးအဖြစ် ပါဝင်ခွင့်ရရှိခဲ့တယ်လို့လည်း သိရပါတယ်။ 

" 2021 တွင် ကျင်းပမည့် GOLDEN DRAGON AWARDS ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင်လည်း ဆန်ကာတင် Nominees များအဖြစ် ဆက်လက်ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပါပြီ။ နိုင်ငံစုံ လူမျိုးပေါင်းစုံတို့ရှေ့မှာ မြန်မာ့ရုပ်ရှင်ဇာတ်ကားကောင်း တစ်ကား အဖြစ် ချပြတင်ဆက်ခွင့်ရခဲ့တဲ့အပြင် ထူးချွန်ဆုများပါ ရရှိခဲ့သောကြောင့် လွန်စွာ ကျေနပ်ပီတိ ဖြစ်ဖွယ် သတင်းကောင်းကို နို့ဘီလူး ရုပ်ရှင်ဇာတ်ကား အဖွဲ့သားများနှင့် ချစ်စွာသောပရိသတ်ကြီးအား ကျေးဇူးတင်စွာဖြင့် အသိပေးအပ်ပါတယ်"ဆိုတာကိုလည်း ဆက်လက် ရေးသားခဲ့ပါတယ်။ 

Photo: နို့ဘီလူး

ပြည်ပနိုင်ငံကနေ ချီးမြှင့်ခဲ့တဲ့ ဆု အတွက် သရုပ်ဆောင် ရွှေမှုံရတီကလည်း ဝမ်းသာဂုဏ်ယူနေတယ်ဆိုတာကို သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားပါသေးတယ်။ 

" ဒီရုပ်ရှင်ကားကြီးမှာ ပါဝင်ခွင့်ပေးခဲ့တဲ့ သဲရဲ့ဆရာ Uncle လေး နဲ့ အောင်သီရိရုပ်ရှင်ထုတ်လုပ်ရေးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင် ... သဲအများကြီးကြိုးစားပါဦးမယ် ..." လို့ ဆိုပါတယ်။ ဒီဆုဟာ သူ့အတွက် ပြည်ပကနေ ချီးမြှင့်ခြင်းခံရတဲ့ ပထမဆုံး ဆုဆိုရင်လည်း မမှားပါဘူး။ 

Photo: နို့ဘီလူး

Druk International film festival (DIFF) ဆုပေးပွဲကိုတော့ ၂၀၀၀ ခုနှစ် ဇန်နဝါရီ်က (၁) ရက်နေ့က စပြီး ပထမအကြိမ် ကျင်းပပြုလုပ်ခဲ့တာပါ။ ဒီဆုချီးမြှင့်ပွဲကတော့ ကမ္ဘာတစ်လွှားမှာရှိတဲ့ သဘာဝဆန်တဲ့ ရုပ်ရှင်ဖန်တီးမှု၊ တေးဂီတများ ဖန်တီးမှုနဲ့ ဇာတ်ညွှန်းရေးသားမှုတွေကိုစုစည်းပြီး တစ်နှစ်ကို တစ်ကြိမ် ကျင်းပပြုလုပ်လေ့ရှိတဲ့ ဆုပေးပွဲ ဖြစ်ပါတယ်။ နို့ဘီလူးရုပ်ရှင်ကားကြီးကို အောင်သီရိရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ဒါရိုက်တာ လူမင်းကိုယ်တိုင် ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ သရုပ်ဆောင် လူမင်း၊ ဇေရဲထက်၊ ဝါရင့်သရုပ်ဆောင်ကြီး အကယ်ဒမီ ဒေါ်မြတ်မွန် နဲ့ ရွှေမှုံရတီ တို့က ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်ကားကို ၂၀၁၉ ခုနှစ် မတ်လ အတွင်းက မြန်မာ တစ်နိုင်ငံလုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသခဲ့ပြီးဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က