ဆန်ခါတင်အဆင့် ရွေးချယ်ထားတာ ၈၂၆ ယောက် ရှိနေပါပြီ။

နီနီခင်ဇော်ကတော့ နောက်ထွက်ရှိမယ့် Music Album တွေနဲ့ သီချင်းဖန်တီးမှုတွေမှာ ကိုယ်ပိုင်အိုင်ဒီယာတွေနဲ့ ဖန်တီးနိုင်မယ့် တေးရေးဆရာနဲ့ တေးသီချင်းတွေကို ရွေးချယ်နေပြီလို့သိရပါတယ်။ 

Photo: Ni Ni Khin Zaw



အဆိုတော် နီနီခင်ဇော်ရဲ့ "Call for Collaboration of New Composers" ဆိုတဲ့ အစီအစဉ်မှာ ကိုယ်ပိုင်တေးသီချင်းအရေအတွက် စုစုပေါင်း (၂၀၀၀) နီးပါးဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ တေးရေး အသစ်တွေရှိတယ်လို့ သိရပါတယ်။ သူတို့ရဲ့ တေးသီချင်းတွေထဲကမှ နီနီခင်ဇော်က သူမရဲ့ စိတ်ကြိုက် သီချင်း အပုဒ်(၅၀) ရွေးချယ်ထားတယ်လို့ဆိုပါတယ်။ 

“ နီနီကတော့ "Call for Collaboration of New Composers" ဆိုတဲ့ အစီအစဉ်လေးကနေတဆင့် တေးရေးဆရာတွေနဲ့ တေးထုတ်လုပ်သူတွေကို ခေါ်ခဲ့ပါတယ်။ ဒီအစီအစဉ်လေးက နီနီအသစ်ထွက်ရှိမယ့် Music Album နဲ့ နောက်ထပ်အသစ်ထွက်ရှိမယ့် ဂီတလှုပ်ရှားမှုတွေမှာ အသစ်အသစ်တွေကိုပဲ ဖန်တီးနေကြတဲ့တေးရေးတဲ့ သူတွေ နဲ့ တေးထုတ်လုပ်သူတွေကို ခေါ်ယူခဲ့တာပဲဖြစ်ပါတယ်။ ဒီအစီအစဉ်လေးကို ခေါ်ပြီးချင်းမှာပဲ သီချင်းအပုဒ်ရေ (၁၉၇၂)ပုဒ် အထိ နီနီတို့ရဲ့ အဖွဲ့ထဲကို Email ကနေရော၊ Viber ကရော၊ Google Form ကနေတဆင့် ပေးပို့လာကြတာဖြစ်ပါတယ်။ ပါဝင်ပေးကြတဲ့ တေးရေးနဲ့ တေးထုတ်လုပ်သူ ဦးရေကတော့ (၈၂၆) ယောက်ပါဝင်ခဲ့ပါတယ်။ Pre Finalist အနေနဲ့ သီချင်း အပုဒ်ရေ (၂၀၀၀) နီးပါးထဲကမှ နီနီ့ရဲ့ စိတ်ကြိုက်၊ နီနီ့ရဲ့ Music Producer တွေ စိတ်ကြိုက် အဖွဲ့တွေ စိတ်ကြိုက် အနေနဲ့ ဆန်ခါတင်ရွေးချယ်လိုက်တဲ့ အယောက်(၅၀) သီချင်းအပုဒ်ရေ (၅၀) ရှိပါတယ်" လို့ ဆိုပါတယ်။ 

Photo: Ni Ni Khin Zaw

နီနီခင်ဇော်ဟာ "Call for Collaboration of New Composers" ဆိုတဲ့ အစီအစဉ်အတွက် အောက်တိုဘာလ (၇) ရက်နေ့တုန်းက သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်ကနေတဆင့် တေးရေးဆရာအသစ်တွေ နဲ့ တေးထုတ်လုပ်သူ အသစ်တွေကို ခေါ်ယူခဲ့တာပါ။ အခုဆိုရင်တော့ ပေးပို့လာတဲ့ သီချင်းတွေထဲကမှ ဆန်ခါတင် သီချင်း အပုဒ်(၅၀)ထဲကမှ (၁၅) ပုဒ်ကို နီနီခင်ဇော်က နိုဝင်ဘာလ (၂၀) ရက်နေ့ ညနေ (၅) နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ဗီဒီယို ဖိုင်လေးတင်ရင်း ပရိသတ်နဲ့ မိတ်ဆက်ပေးခဲ့ပါသေးတယ်။

“ ဒီနေ့ရဲ့ ပထမဆုံး အပိုင်းမှာ သီချင်း (၁၅) ပုဒ် ဖွင့်ပြခဲ့ပါတယ်။ သီချင်းကောင်းလေးတွေကို နီနီ့ရဲ့ ဖေ့စ်ဘွတ်မှာ အပိုင်းလေးတွေ ခွဲပြီးတော့ မိတ်ဆက်ပေးသွားမှာပါ။ ဘယ်သီချင်းလေးတွေကို ရွေးချယ်ခဲ့သလဲဆိုတာကိုတော့ ပရိသတ်တွေက စောင့်ကြည့်ပေးစေချင်ပါတယ်။ လာမယ့် သောကြာနေ့မှာတော့ နောက်ဆုံး ရွေးချယ်ခံလိုက်ရတဲ့ သီချင်းလေးတွေနဲ့ မိတ်ဆက်ပေးမှာဖြစ်ပါတယ်။ အားလုံးရဲ့ သီချင်းတွေက အရမ်းကောင်းလွန်းတော့ နီနီတို့ ကိုယ်တိုင်ကလည်း အရမ်းခေါင်းစားနေရပါတယ်” လို့ဆက်လက် ပြောပြခဲ့ပါတယ်။ နီနီခင်ဇော် သီချင်းကိုယ်တိုင် သီချင်းဖွင့်ပြခဲ့တဲ့ တေးရေး ဆရာတွေကတော့ Mirror ၊ Frank ၊ Jason ၊ ကိုထွဋ်၊ ကောင်းထက်စံ၊ တေဇာပြည့်စုံလင်း၊ Jerry Kap ၊ U Nay၊ A Lynn တို့ရဲ့ ကိုယ်ပိုင် သီချင်းလေးတွေ ဖြစ်ကြပါတယ်။

 

Photo: Amazing Grace

နီနီခင်ဇော်ဟာ ၂၀၂၀ ခုနှစ် သြဂုတ်လ(၁၃) ရက်နေ့မှာ ဂီတသက်တမ်း (၁၂) နှစ်ပြည့်ခဲ့ပါပြီ။ သူမကတော့ Melody World 2008 ခုနှစ် သီချင်းဆို ပြိုင်ပွဲကနေ တဆင့် မြန်မာပြည်ရဲ့ဂီတလောကတွင် ထင်ရှားလာပြီး နိုင်ငံတကာထိ ထင်ရှားကျော်ကြားသော ဂီတပညာရှင် တစ်ဦးအဖြစ် Best in Music ဆိုတဲ့ ခေါင်းစဉ်အောက်က Myanmar’s Pride Award 2019 ဆုကိုလည်း နီနီခင်ဇော်က ရရှိပိုင်ဆိုင်ခဲ့ပါတယ်။ သူမဟာ ဂီတနဲ့ ပတ်သက်ပြီး ပြည်တွင်းမှာ ရရှိထားတဲ့ ဆုတွေနဲ့ ပြည်ပက ချီးမြှင့်ထားတဲ့ ဆုတွေ အပါအဝင် ဆု စုစုပေါင်း (၁၃) ဆု ရရှိပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က