အကယ်ဒမီဆုတွေလည်း ရွှေရောင် မပေါက်တော့ဘူး။

ကျော်သူဟာ သူ့ရဲ့ဘဝတစ်လျှောက်မှာ မှတ်တိုင်တစ်ခုအနေနဲ့ ရရှိခဲ့တဲ့ ဆုတံဆိပ်လေးတွေကို ကြည့်ရင်း စစ်မှန်တဲ့ အရာကို ဖန်တီးယူလို့မရတဲ့အကြောင်းပြောလာပါတယ်။ 

Photo: Kyaw Thu



ကျော်သူကတော့ အနုပညာနဲ့ ပတ်သက်ပြီး သူ့ဘဝမှာ ဆုတံဆိပ်တွေ ရရှိခဲ့ပြီးသူဖြစ်ပါတယ်၊ ဒါ့အပြင် တက္ကသိုလ်ကျောင်းသားဘဝမှာလည်း လှေပြိုင်ပွဲမှာ ဆုရရှိခဲ့ဖူးတယ်လို့ သိရပါတယ်။ ဒီ ဆုတံဆိပ်တွေဟာ အချိန်ကာလ ကြာမြင့်လာချိန်မှာ အရောင်လည်း ပြယ်လွှင့်ခဲ့ပြီဖြစ်တဲ့အပေါ် သူ့ရဲ့ သဘောထားကို ပြောပြလာပါတယ်။

“ ဂုဏ်ထူးဆောင်( Brand )ဆုတဲ့လားဗျာ။ အကယ်ဒမီရွှေစင်ရုပ်ထုတွေကလည်း ရွှေရောင်မပေါက်တော့ဘူး။ Star award စတီးရုပ်ထုကလည်း စတီးတွေကွာကျ မဲပြာကျဘဝ။ တက္ကသိုလ်ပေါင်းစုံလှေပြိုင်ပွဲ ဒုတိယဆုတံဆိပ်ကလည်း မဲညစ် လို့..... နေပေါ့ကွယ်။ အနိစ္စ ဒုက္ခ အနတ္တ ပါတကား။ လူက မသေသေးဘူး ကိုယ့်ရဲ့ Brand တွေ က ညစ်ပေ လွှင့်ပြယ် ဆွေးမြေ့နေကြရှာပြီပေါ့။ တကယ်တော့ ကိုယ့်ရဲ့နေ့စဉ် လုပ်ရပ်တွေကသာ ကိုယ့်ရဲ့ Brand/ ကိုယ့်ရဲ့သမိုင်းမှတ်တိုင်တွေပါ။ ကိုယ့်ရဲ့တန်ဖိုး၊ ကိုယ့်ရဲ့ Brand မြင့်မားတောက်ပနေ ချင်ရင် ကိုယ့်ရဲ့လုပ်ရပ်၊ ကိုယ့်ရဲ့စေတနာ၊ ကိုယ့်ရဲ့ပေးဆပ်မှုတွေဟာ ဖြူစင်သန့်ရှင်းပြီး လိပ်ပြာသန့်နေဖို့ အရေးကြီးဆုံး ဆိုတာ ကံကောင်းထောက်မစွာဖြင့် မသေခင် ဒီအသက်အရွယ်ကြမှ သိလိုက်ရပြီ” ဆိုပြီးတော့ နိုဝင်ဘာလ (၃၀) ရက်နေ့ မနက်ပိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။  

Photo: Kyaw Thu

အဲဒီနောက် ကျော်သူဟာ ကိုယ့်ရဲ့ စစ်မှန်တဲ့ တန်ဖိုး၊ စစ်မှန်တဲ့ အရာတွေတိုင်းဟာ ဖန်တီးယူလို့ ရတဲ့ အရာတစ်ခု မဟုတ်ကြောင်းကိုလည်းပြောခဲ့ပါသေးတယ်။ 

“ စစ်မှန်တဲ့ Brand ဆိုတာ ဖန်တီးယူလို့မရ၊ စစ်မှန်တဲ့ Brand ဆိုတာ လုပ်ယူလို့မရ၊ စစ်မှန်တဲ့ Brand ဆိုတာ ဖိန့်လုံး၊ဟိတ်လုံးတွေသုံးပြီး တန်ဆာဆင်လို့ မရဘူး၊ စစ်မှန်တဲ့ Brand ဆိုတာ မိမိ၏ သာမန်ရိုးသားတဲ့လုပ်ရပ်များက သူ့ဘာသူ Auto တပ်ဆင်သွားပါလိမ့်မယ် ချစ်မိတ်ဆွေများ။ (ယနေ့ အတွေးစ... ကျော်သူ)” ဆိုပြီးတော့လည်း ဆက်လက် ရေးသားထားပါသေးတယ်။ 

Photo: Kyaw Thu

ကျော်သူဟာ ၁၉၈၃ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အထိ လျှောက်လှမ်းလာခဲ့တဲ့ အနုပညာသက်တမ်း (၃၇) နှစ် ကျော်အတွင်းမှာ အကယ်ဒမီဆု(၂) ဆု ရရှိပိုင်ဆိုင်ခဲ့ပါတယ်။ သူဟာ “တပြည်သူ မရွှေထား” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ အမျိုးသား ဇာတ်ဆောင်ဆု ရခဲ့သလို “ အမေ့နို့ဖိုး” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ ဒါရိုက်တာဆုကို ရရှိခဲ့သူ တစ်ဦးဖြစ်ပါတယ်။ ဒါ့အပြင် Star Award ဆုပေးပွဲမှာလည်း ပုဂံမြို့သူ ရုပ်သံဇာတ်လမ်းတွဲ နဲ့ Best Director Award( TV Series) ဆုကိုလည်း ရရှိခဲ့ပြန်ပါတယ်။လက်ရှိ အနုပညာအကြောင်းအနေနဲ့ ဝရဇိန်ဆိုတဲ့ ရုပ်ရှင်ထုတ်လုပ်ရေး တည်ထောင်ထားတာ တွေ့ရပါတယ်။ အဲဒီနောက် ကိုယ်တိုင် ဒါရိုက်တာ လုပ်ပြီး ပုဂံမြို့သူ ရုပ်သံဇာတ်လမ်းတွဲ၊ ၁၀၁၄ ရုပ်ရှင် ဇာတ်ကားကြီးတို့ကိုလည်း ရိုက်ကူးထားပါသေးတယ်။ ပရဟိတလှုပ်ရှားမှု အနေနဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်) ရဲ့ ပဲ့ကိုင်ရှင် တစ်ဦးလည်း ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က