Online Sale လုပ်လို့ရတဲ့ငွေတွေကို စုပြီး ကိုဗစ်ကုသရေးအတွက်လှူခဲ့တာပါ။

အကယ်ဒမီရန်အောင်ကတော့ Online Sale လုပ်ခဲ့တဲ့ အနုပညာကြေးတွေကို စုပြီး မွေးနေ့အလှူအဖြစ် ကိုဗစ်ကုသရေးအတွက် အသုံးပြုနိုင်အောင် ဧရာဝတီစင်တာကို ငွေကျပ် သိန်း(၂၀၀) လှူခဲ့ပါတယ်။ 

Photo: Yan Aung



ဒီနေ့ ( ဒီဇင်ဘာလ ၁၄ ရက်) ကတော့ အကယ်ဒမီများရှင် သရုပ်ဆောင် ရန်အောင်ရဲ့ မွေးနေ့ ဖြစ်ပါတယ်။ သူကတော့ အသက် (၅၄) နှစ် ပြည့်သွားပါပြီ။ ဒီနေ့ မွေးနေ့မှာတော့ သူ ပြုလုပ်ခဲ့တဲ့ ကုသိုလ် အလှူတွေကို ပရိသတ်တွေ သိအောင် မျှဝေခဲ့ပါတယ်။ 

"မင်္ဂလာပါ ချစ်သူ ခင်သူ မြတ်နိုးသူများရေ ဒီနေ့ ကျွန်တော့်ရဲ့ "၅၄" နှစ်ပြည့်မွေးနေ့ပေါ့။ မွေးနေ့ရောက်တိုင်း ပထမဆုံးသတိရမိတာ အမေ့ကိုပါ.. ဒီနှစ်တော့ အမေ့အတွက် ရွှေပုတီး?(စိပ်ပုတီး) လေးကန်တော့မလို့ အော်ဒါမှာထားလိုက်တယ်၊(အမေကတော့ပီတိတွေဖြစ်လို့ပေါ့) ဒီနှစ် လှူရလို့ စိတ်ထဲပျော်မိတာ နောက်တစ်ခုက အခုဖြစ်နေတဲ့Covid-19 တိုက်ဖျက်ရေးအတွက် ဧရာဝတီစင်တာ မှာ လောလောလတ်လတ် Live Sale အလုပ်လုပ်ရင်း လှူဖို့စုထားတဲ့ငွေလေး လှူလိုက်ရလို့ပါပဲ “ လို့ သူက ဆိုပါတယ်။ 

Photo: Yan Aung

ရန်အောင်ဟာ မွေးနေ့ အလှူကိုတော့ ကိုဗစ်ကာလမှာ Live လွှင့်ရင်း ဈေးရောင်းလို့ရတဲ့ ငွေကြေးတွေထဲကနေ ကုသိုလ်ပြုခဲ့တာလို့ ဆိုပါတယ်။ 

" အဲ့ဒီလိုလှူနိုင်အောင် အလုပ်တွေအပ်ကြတဲ့ စိန်ရွှေရတနာ ကုန်ပစ္စည်းပိုင်ရှင်များရော၊ ကြည့်ရှု,ဝယ်ယူကြသူ ရတနာချစ်သူအားလုံးရော အားပေးကြည့်ရှုကြသူ ပရိဿတ်အပေါင်းနှင့် WE LOVE YAN AUNG အဖွဲ့မှ ချစ်သူများရော ကျွန်တော့ကိုထာဝရအားပေးကြတဲ့ အနုပညာချစ်ပရိဿတ်များ အားလုံးရဲ့ကုသိုလ်အ လှူဆိုလည်းမမှားပါဘူးခင်ဗျာ။ ဒါကြောင့် ယနေ့စေတနာသုံးတန်ဖြင့် နှစ်နှစ်ကာကာလှူဒါန်းတဲ့ အလှူအတွက် ၃၁ ဘုံမှာရှိရှိသမျှ လူ နတ် ဗြမ္မာ သတ္တဝါအပေါင်းကို အမျှပေးဝေပါတယ်။ မရသူ မရှိ ရကြပါစေဗျာ။ အမျှ...အမျှ...အမျှ..ယူတော်မူကြပါဗျာ.....သာဓု...သာဓု...သာဓု" ပါလို့လည်း ဆက်လက် ရေးသားထားပါတယ်။

Photo: Yan Aung

ရန်အောင်ဟာ ၁၉၈၅ ခုနှစ်ကတည်းက အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့တာပါ။ သူ့ကိုတော့ ကိုရန်လေးဆိုပြီးတော့ အနုပညာလောကသားတွေရော ပရိသတ်တွေပါ ချစ်စနိုးခေါ်လေ့ရှိပါတယ်။ ရန်အောင်ဟာ ၁၉၉၁ ခုနှစ်က မယ်သီတာလိုမိန်းကလေး ၊၁၉၉၅ ခုနှစ်က ပုဂံမှာ သာတဲ့လ ၊၁၉၉၆ ခုနှစ်က အလင်းဖျော့ကောင်းကင် ၊၁၉၉၈ ခုနှစ်က ညမင်းသား ၊ ၂ဝဝဝ ခုနှစ်က မောဟမျဉ်းပြိုင်များ နှင့် ၂ဝဝ၆ ခုနှစ်က ဂုဏ်ရှိန်ပြင်းတဲ့ချစ်ခြင်းသိက္ခာ စတဲ့ ရုပ်ရှင်ဇာတ်ကားများနဲ့ အကောင်းဆုံး အမျိုးသား ဇာတ်ဆောင် အကယ်ဒမီဆု(၆)ဆု ရရှိထားသူ ဖြစ်ပါတယ်။ သူဟာ သရုပ်ဆောင်လောကမှာသာမက ဂီတလောကမှာလည်း အောင်မြင်ခဲ့သူဖြစ်ပြီး တစ်ကိုယ်တော် အခွေများ၊ တစ်ကိုယ်တော် ဖျော်ဖြေပွဲများလည်း ကျင်းပပြုလုပ်ခဲ့တာကိုလည်း တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က