ဒီကိုဗစ်ပညာပေးသီချင်းက လူထုပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့သီချင်းပါ။
Sabal Thwin

City FM (၁၉) နှစ်ပြည့် ဂီတဆုပေးပွဲကြီးမှာ  ၂၀၂၀ ခုနှစ်အတွက် ဂီတမျိုးဆက်သစ်ဆုရခဲ့သူက Go away Corona (ကမ္ဘာ့အပြင်သွားပါ ကိုရိုနာ) သီချင်းရေးသားခဲ့သူ ဒေါက်တာဖြိုးဝေလင်း ဖြစ်ပါတယ်။ 

City FM ရဲ့ ဂီတဆုပေးပွဲဲရဲ့ လူစိတ်ဝင်စားဆုံးဆု အနည်းငယ်ထဲမှာ Rookie of The Year လို့ ခေါ််တဲ့ ဂီတမျိုးဆက်သစ်ဆုလည်း ပါဝင်ပါတယ်။ ဒီနှစ်မှာ ထူးခြားတာက ဒီဆုကို သိမ်းပိုက်နိုင်သူက အချစ်အလွမ်းသီချင်းတစ်ပုဒ်ကို ဖန်တီးသူမဟုတ်ဘဲ ကျန်းမာ‌ရေးပညာပေးသီချင်းတစ်ပုဒ်ဖန်တီးသူဖြစ်နေတာပါ။ 



“ ကိုဗစ်ကာလမှာ ကိုယ်ဘာပဲ ခံစားရ ခံစားရ သီချင်းလေး ရေးဖြစ်တယ်။ ဒီသီချင်းရဲ့ မယ်လိုဒီလေးက ကျွန်တော့်ဆီရောက်လာတဲ့ အချိန်မှာ သေချာစဉ်းစားပြီး သီချင်းလေး ပုံဖော်ဖြစ်တယ်။ ဒီသီချင်းကို လည်း ကျန်းမာရေး ဝန်ကြီးဌာနက ခွင့်ပြုပေးခဲ့လို့လည်း ဝမ်းသာရတယ်” လို့ Go away Corona (ကမ္ဘာ့အပြင်သွားပါ ကိုရိုနာ) သီချင်းရေးသားသူ ဒေါက်တာဖြိုးဝေလင်းက ပြောပါတယ်။ 

ဒေါက်တာ ဖြိုးဝေလင်းကတော့ ကိုဗစ်ကာလမှာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ပညာပေး တေးသီချင်းလေးတွေ ရေးသားထားသူ ဖြစ်ပါတယ်။ သွက်လက်မြူးကြွတဲ့ Go away Corona (ကမ္ဘာ့အပြင်သွားပါ ကိုရိုနာ) သီချင်းဟာ လူတိုင်းပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့ သီချင်းတစ်ပုဒ်လည်း ဖြစ်ပါတယ်။ ဒီသီချင်းကို ဖြိုးပြည့်စုံနဲ့ မိစန္ဒီက သီဆိုထားတာ ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်တုန်းကတော့ City FM ရဲ့ ဂီတမျိုးဆက်သစ်ဆုကို ‘’ မိုးမခ အိပ်မက်ခရမ်းပြာ’’ ဆိုတဲ့ တေးသီချင်းနဲ့ Eternal Gosh အဖွဲ့ က ရရှိခဲ့တာပါ။ 

နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်နေကြ အစီအစဉ်တစ်ခုဖြစ်တဲ့ City FM ဂီတဖျော်ဖြေပွဲကြီးကိုတော့ ကိုဗစ်ကာလမှာ မဖြစ်မနေ ကျင်းပပြုလုပ်ရမယ့် ပွဲ တစ်ခုအနေနဲ့ ဒီနေ့ ဇန်နဝါရီလ (၃၀) ရက်နေ့ ညက အွန်လိုင်းပေါ်ကနေတဆင့် Virtual Event အနေနဲ့ သာ ကျင်းပပြုလုပ်နေတာ တွေ့ရပါတယ်။ 

ဒီဂီတဆုပေးပွဲမှာ ဇော်ဝင်းထွဋ်၊သားသား ၊ ဖြိုးပြည့်စုံ၊ “ Eternal Gosh ၊ ဖြိုးမြတ်အောင်၊ Hangover ii ၊ မေဆွိ၊ ဝိုင်းစုခိုင်သိန်း၊ ရတနာမိုင်၊ နီနီခင်ဇော်၊ မိစန္ဒီ ၊ ဂျူဝယ်လ်၊ ဘာဘရာ၊ မေလသံစဉ်နဲ့ ချမ်းမြေ့မောင်ချိုတို့က တေးသီချင်းများဖြင့် သီဆို ဖျော်ဖြေနေကြပါတယ်။




ဆက်စပ်အကြောင်းအရာများ


Author


က္က