ကိုယ်ပိုင် အမှတ်တံဆိပ်လေးနဲ့ ထုတ်လုပ်လိုက်တဲ့ ရေမွှေးလေး ထုတ်ဖြစ်ခဲ့တဲ့အကြောင်းကို အိန္ဒြာကျော်ဇင်က အခုလို ပြောပြလာပါတယ်။
Photo: Eaindra Kyaw Zin
အိန္ဒြာကျော်ဇင်က သူချစ်ရတဲ့ ပရိသတ်တွေကို ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ကိုယ်ပိုင် အမှတ်တံဆိပ်နဲ့ ပစ္စည်းလေး ထုတ်ဖို့ရှိတဲ့အကြောင်း ပြောခဲ့ပါတယ်။ ဇန်နဝါရီလ ၃၀ ရက်နေ့မှာတော့ ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ ထုတ်မယ့် ပစ္စည်းလေးက ဘာလေးလဲ ဆိုတာကို အခုလို အသိပေးခဲ့တာ တွေ့ရပါတယ်။
“ချစ်သောပရိသတ်ကြီးရေ..အူဝဲ ရဲ့ Eaindra Kyaw Zin ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ ထုတ်ဖြစ်တာကတော့ ရေမွှေး ပဲဖြစ်ပါတယ်။ အခုလက်ရှိ GIOIA နဲ့ FASCINO ဆိုပြီး အနံ့နှစ်မျိုးထုတ်ထားပါတယ်။ အူဝဲ ဘာလို့ ရေမွှေးထုတ်ဖြစ်လဲ၊ သူတို့အနံ့လေးက ဘယ်လိုမျိုးလဲ၊ ဘယ်လိုဝယ်ယူလို့ရမလဲဆိုတာ ဒီ page ကနေပဲ ပြောပြပေးပါ့မယ်နော်။ စောင့်ကြည့်ပေးကြပါဦးရှင်....” ဆိုပြီးတော့ Eaindra Kyaw Zin Merchandise Facebook Page မှာ ဇန်နဝါရီလ (၃၀) ရက်နေ့ ည (၆) နာရီကျော်က ရေးသားထားတာ တွေ့ရပါတယ်။
Photo: Eaindra Kyaw Zin
အိန္ဒြာကျော်ဇင်က ဒီရေမွှေးလေးကို ဘယ်အချိန်မှာ ဈေးကွက်ထဲ စဖြန့်မယ် ဆိုတာကို မသိရသေးပေမယ့် သူမကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေကတော့ ဒီရေမွှေးလေးကို အရမ်းလိုချင်နေကြတဲ့အကြောင်း Comment ကနေတဆင့် ရေးသားထားကြတာ တွေ့ရပါတယ်။ ဒါကတော့ သူမရဲ့ ကိုယ်ပိုင်စီးပွားရေး တစ်ခုအနေနဲ့ ပရိသတ်ကို မိတ်ဆက်ပေးလိုက်တာ ဖြစ်ပါတယ်။ ဒါ့အပြင် အိန္ဒြာကျော်ဇင်ဟာ အီတလီနိုင်ငံထုတ်ကမ္ဘာကျော် Brand တစ်ခုဖြစ်တဲ့ “ The Bridge” ဆိုတဲ့ အိတ် အမျိုးမျိုးတို့ကိုလည်း မြန်မာနိုင်ငံရဲ့ တစ်ဦးတည်း ကိုယ်စားလှယ်အဖြစ် ရောင်းချပေးနေတာကို တွေ့ရပါတယ်။
Photo: Eaindra Kyaw Zin
၁၉၉၆ ခုနှစ်တုန်းက Miss Kokkine ဆုရ အလှမယ်၊ Miss Chrismas ဆုရ အလှမယ် တစ်ယောက်အနေနဲ့ အနုပညာလောကထဲ ဝင်ရောက်လာတဲ့ အိန္ဒြာကျော်ဇင်ဟာ အခုဆိုရင် အနုပညာသက်တမ်း (၂၄) နှစ်ကျော်ကို ရောက်ရှိလာပြီဖြစ်ပါတယ်။ သူမဟာ တီဗီကြော်ငြာများ၊ မဂ္ဂဇင်း ကာဗာ ဓာတ်ပုံ(၂၀၀၀) ကျော်ကို ရိုက်ကူးခဲ့ရတဲ့ အနုပညာရှင်တစ်ယောက်ဆိုလည်း မမှားပါဘူး။ အဲဒီနောက်မှာတော့ ရုပ်ရှင်ဇာတ်ကား ကြီးတွေလည်း ရိုက်ကူးလာရသလို ပရိသတ်အားပေးမှု အများကြီး ရရှိခဲ့တဲ့ ဇာတ်ကားတွေကတော့ " ချစ်သော အယ်ဒီတာ" ၊ "ပျော်လိုက်ကြရအောင်" ၊ " သမီးရှင်" စတဲ့ ဇာတ်ကားတွေဖြစ်ပါတယ်။ ဒါ့အပြင် သူမဟာ ၂၀၀၄ ခုနှစ်တုန်းက " မျက်နှာများတဲ့ ကောင်းကင်" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ရရှိခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာ " ရင်ဘတ်ထဲက ဓား" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ ဒုတိယမြောက် အကယ်ဒမီထူးချွန်ဆုကို ထပ်မံရရှိခဲ့ပါတယ်။