အားပေးခဲ့ကြသူတွေရှိသလို စိတ်မကောင်းဖြစ်နေကြသူတွေလည်း အများကြီးပါပဲ။
Sabal Thwin

လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေအပေါ် ရုပ်ရှင်အစည်းအရုံးက သဘောထားထုတ်ပြန်ချက်မရှိတာကြောင့် သရုပ်ဆောင် တိုင်ရွန်က ရုပ်ရှင်အစည်းအရုံး အဖွဲ့ဝင်အဖြစ်ကနေ နှုတ်ထွက်လိုက်ပါပြီ။ 

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးအနေနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေနဲ့ ပတ်သက်ပြီး သဘောထား မထုတ်ပြန်သေးတာကြောင့် အနုပညာလောကသားများက အားမလို အားမရဖြစ်နေကြပါတယ်။ ဒီအထဲမှာမှ တိုင်ရွန်လည်း တစ်ယောက်အပါအဝင်ဖြစ်ပြီး အခုဆိုရင် ရုပ်ရှင်အစည်းအရုံးအဖွဲ့ဝင်အဖြစ်မှ နှုတ်ထွက်လိုက်တယ်လို့ ပရိသတ်ကို အသိပေးလာပါတယ်။ 



“ နေ့စွဲ။ ။ ဖေဖော်ဝါရီလ ၄ ရက်၊ ၂၀၂၁ ခုနှစ်။ လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး အခြေအနေများနှင့် ပတ်သက်၍ ယနေ့အချိန်ထိ မည်သည့်သဘောထားမှ မထုတ်ပြန်သော ကျွန်တော် ငယ်စဉ်ကတည်းက လေးစား တန်ဖိုးထား အားကျရသော “ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး” အဖွဲ့အစည်း၏ အစည်းအရုံးဝင်အဖြစ်မှ မိမိဆန္ဒအလျှောက် နှုတ်ထွက်ပါသည်။ တိုင်ရွန်” ဆိုပြီးတော့ ဖေဖော်ဝါရီလ (၄) ရက်နေ့ ညနေ (၃) နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာပါ။ 

တိုင်ရွန်ရဲ့ စိတ်နေ စိတ်ထားကို အားပေးခဲ့ကြတဲ့ အနုပညာညီအစ်ကို မောင်နှမ နဲ့ ပရိသတ်တွေရှိကြသလို စိတ်မကောင်းဖြစ်နေကြတဲ့ ပရိသတ်တွေလည်း ရှိကြပါတယ်။ လက်ရှိ နိုင်ငံရေးအခြေအနေ နဲ့ ပတ်သက်ပြီး ကိုယ်ပိုင်သဘောထားတွေကို ထုတ်ပြန်နေကြတဲ့ အနုပညာရှင်တွေလည်း အများကြီးရှိကြပေမယ့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ရဲ့ သဘောထုတ်ပြန်ချက်ကို စောင့်ဆိုင်းနေကြတဲ့ အနုပညာရှင်တွေလည်း ရှိကြပါတယ်။ ဒါကြောင့် “ #မြန်မာနိုင်ငံအစည်းအရုံးဟုခေါ်သော အစိုးရမဟုတ်သော၊ လွတ်လပ်သောအဖွဲ့အစည်းဟု အမည်ခံထားသော အဖွဲ့အစည်းမှ လက်ရှိဖြစ်ပေါ်နေသော စစ်တပ်မှ ပြည်သူလူထုနှင့် နိုင်ငံတော်အားပုန်ကန်ဆန့်ကျင်သစ္စာဖောက်ကာ အာဏာသိမ်းသောလုပ်ရပ်အပေါ်တွင် ရေငုံနှုတ်ပိတ်နေခြင်းအား ရှက်ရွံ့စွာ ကန့်ကွက်ပါသည်” ဆိုသော စာတမ်းများကိုလည်း အနုပညာရှင်အများစုက သူတို့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ တင်ခဲ့ကြတာကို တွေ့ရပါတယ်။ 

တိုင်ရွန်ဟာ အနုပညာအလုပ်တွေနဲ့ အတူ ပရဟိတအလုပ်တွေကိုလည်း စွမ်းစွမ်းတမံ ဆောင်ရွက်သွားမယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။သူဟာ အနုပညာလောကထဲကို Model တစ်ယောက်အနေနဲ့ စတင်ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ အခုချိန်မှာတော့ အောင်မြင်တဲ့လူငယ် အနုပညာရှင်တစ်ယောက်ဖြစ်လို့ နေပါပြီ။ သရုပ်ဆောင်အလုပ်နဲ့ ပတ်သက်လို့တော့ အောက်ခြေသိမ်းကစပြီး ကြိုးစားလာတဲ့ လူငယ်အနုပညာရှင် တစ်ယောက်ဖြစ်ပါတယ်။




Author


က္က