မျက်စိတစ်ဖက်ပျက်စီးသွားခဲ့သူရဲ့ မိသားစုလေးကိုလည်း ကူညီပေးခဲ့တာဖြစ်ပါတယ်။
Sabal Thwin

နွေဦးတော်လှန်ရေးတိုက်ပွဲအတွင်း ရန်ကုန်မြို့မှာ ကျဆုံးသွားခဲ့ရသူတွေရဲ့ မိသားစုဝင်တွေအပြင် မျက်စိတစ်ဖက်ပျက်စီးသွားခဲ့ရသူရဲ့ မိသားစုကိုပါ သရုပ်ဆောင် ခန့်စည်သူကကူညီထောက်ပံ့မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 

Photo: Khant Si Thu

နွေဦးတော်လှန်ရေးတိုက်ပွဲမှာ ကျဆုံးသွားသူတွေရဲ့ ကျန်ရစ်သူ မိသားစုဝင်တွေအတွက် သရုပ်ဆောင် ခန့်စည်သူက ဆန်၊ ဆီ၊ ပုဆိုးများ၊ သင်္ကန်းများအပြင် နာရေးအကူအလှူငွေများ၊ ရွှေလက်စွပ် နဲ့ ရွှေနားကပ်များ သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ 



" ကိုဟိန်းထွဋ်အောင်(တ/ဒဂုံ) (၂၈-၂-၂၀၂၁) ကိုဟိန်းထွဋ်အောင် အတွက်ရည်စူး၍ သင်္ကန်း၊နာရေးအကူအလှူငွေ(၃)သိန်းနှင့်ကျန်ရစ်သူမိသားစုအတွက် ဆန်၊ဆီနှင့်ပုဆိုးများ၊လုံချည်များကို ပေးအပ်လှူဒါန်းခဲ့ပါတယ်။ ကိုဖိုးချစ်(မ/ဒဂုံ) (၃-၃-၂၀၂၁) ကိုဖိုးချစ်အတွက် ရည်စူး၍ သင်္ကန်းခြင်း၊နာရေးအကူ အလှူငွေ(၃) သိန်းနှင့် ၎င်း၏ဇနီး မသဲစုအတွက် နားကပ်လေးတစ်ရံကို ပေးအပ်လှူဒါန်းခဲ့ပါတယ်။ ကိုဇွဲထက်စိုး(မ/ဒဂုံ)၊ (၃-၃-၂၀၂၁) ကိုဇွဲထက်စိုးအတွက် ရည်စူး၍ သင်္ကန်းခြင်း၊နာရေးအကူ အလှူငွေ (၃)သိန်းနှင့် ၎င်း၏ဇနီး မသက်ထားအတွက် နားကပ်လေးတစ်ရံ၊ချစ်စရာကောင်းတဲ့ သမီးလေး ရွှေရုပ်လွှာအတွက်လည်း လက်စွပ်လေးတစ်ကွင်းကို ပေးအပ်လှူဒါန်းခဲ့ပါတယ်။ (မိသားစုများနှင့်ထပ်တူ ကြေကွဲဝမ်းနည်းရပါတယ်။ ကောင်းရာသုဂတိလားကြပါစေ လို့မေတ္တာပို့ အမျှဝေဆုတောင်းပေးခဲ့ပါတယ်။)" လို့ မတ်လ (၆) ရက်နေ့ မနက်ပိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

Photo: Khant Si Thu

ဒါ့အပြင် နွေဦးတော်လှန်ရေးတိုက်ပွဲမှာ ပါဝင်ဆန္ဒပြရင်း မျက်စိတစ်ဖက် ထိခိုက်ပျက်စီးသွားတဲ့ မြောက်ဒဂုံမြို့နယ်မှာနေထိုင်သူ ကိုမင်းသူရ တို့ မိသားစုကိုလည်း ခန့်စည်သူက ငွေ ၂ သိန်းအပါအဝင် လှူဒါန်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

“ ကိုမင်းသူရ (မ/ဒဂုံ) မျက်စိတစ်ဖက် ထိခိုက်ပျက်စီးသွားတဲ့အတွက် (၆-၂-၂၀၂၁) ယနေ့ထိ ဆေးရုံကမဆင်းနိုင်သေးပါဘူး။ ကိုမင်းသူရအတွက် ဆေးကုသစားရိတ် အလှူငွေ(၂)သိန်းနှင့် ပုဆိုးများ၊တရားစာအုပ်များ၊ ၎င်း၏မိခင်ကြီးအတွက် မောင်းကွင်းရွှေ လက်စွပ်လေး တစ်ကွင်း ကန်တော့ခဲ့ပါတယ်။ အမြန်ဆုံးသက်သာပျောက်ကင်းပြီး မိဘကို အလုပ်အကျွေးပြုနိုင်တဲ့ သားကောင်းရတနာဖြစ်ပါစေ” လို့ ဆက်လက် ရေးသားထားပါတယ်။

Photo: Khant Si Thu

ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးတဲ့နောက် နိုင်ငံအနှံ့အပြားမှာရှိကြတဲ့ မြန်မာနိုင်ငံသားများက အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြမှုများပြုလုပ်လျက်ရှိပြီး အဆိုပါလှုပ်ရှားမှုတွေထဲမှာ အနုပညာရှင်အများအပြားလည်း ပါဝင်ခဲ့တာတွေ့ရပါတယ်။ ဆန္ဒပြရာမှာ ပါဝင်မှုကြောင့်လည်း သရုပ်ဆောင်လူမင်း၊ သရုပ်ဆောင် ပြေတီဦး၊ ဒါရိုက်တာဝိုင်း၊ ဒါရိုက်တာ ကိုပေါက်၊ ဒါရိုက်တာ ဏကြီး နဲ့ အဆိုတော် အနဂ္ဂတို့ဟာ ပုဒ်မ ၅၀၅ (က) ကြီးနဲ့ အမှုဖွင့်ခံထားရပြီး ဖေဖော်ဝါရီ ၂၀ ရက်နေ့ညမှာ လူမင်း ဖမ်းဆီးခံခဲ့ရပါတယ်။



Author

  • Sabal Thwin

    Entertainment Reporter


က္က