မိသားစုတွေ တစ်ယောက်တစ်နေရာစီ တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
Sabal Thwin

သဇင်ထူးမြင့်နဲ့ မိသားစုတွေကတော့ ဒီကနေ့မှာ ဆန္ဒပြပြည်သူတွေကို အလှူအတန်းတွေ လုပ်ပေးနေရင်း ရုတ်တရက် တိမ်းရှောင်နေလိုက်ရတဲ့ အဖြစ်ကို အခုလို ပြောပြလာပါတယ်။ 

ဒီကနေ့ (မတ်လ ၈ ရက်) မှာ အလှူပြုလုပ်နေရင်း ဝရမ်းထွက်ရှိလာတဲ့အတွက် တစ်မိသားစုလုံး တစ်ယောက်တစ်နေရာစီ တိမ်းရှောင်နေရကြောင်း သရုပ်ဆောင် ခင်လှိုင်ရဲ့ သမီး သဇင်ထူးမြင့်က သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေတစ်ဆင့် အသိပေးလိုက်တာ ဖြစ်ပါတယ်။



" အလှူလုပ်နေရင်း ဝရမ်းထွက်လာလို့ သဲတို့မိသားစု တစ်ယောက်တစ်နေရာစီ ရှောင်လိုက်ကြရပါပြီ။ အနုပညာရှင်တွေကို CDM ငွေတွေလိမ်ပါတယ်ဆိုတဲ့သတင်းနဲ့တကွတင်ထားတာတွေတွေ့နေပါတယ်။ ဝရမ်းပြေးတင်မဟုတ် ငွေလိမ်သွားတဲ့သူတွေအဆင့်ထိ အရှက်ခွဲခံနေရတာ မိုက်ရိုင်းလွန်းတယ်၊ အသွေးသားထဲ ထိနာတယ်နော်။ လောလောဆယ်မှာဖေဖေရောအဆင်ပြေပါ့မလား။ ကိုကြီးအတွက်လည်း စိတ်ပူနေရတယ်။ ကိုယ်တိုင်လုံခြုံဖို့အတွက်လည်း ပူရပြန်တယ်။ ပြည်သူတွေအားလုံးအတွက်ပူပန်နေရတယ်။ တစ်ယောက်တစ်နေရာစီနဲ့ဘယ်တော့များမှ မိသားစုတွေပြန်ဆုံခွင့်ရမှာလဲ။ အရှေ့ထွက်လို့မရပေမယ့်လည်း နောက်ကွယ်ကနေဆက်ပြီးအတတ်နိုင်ဆုံးလုပ်သွားမယ် လှူသွားမယ်။ အိမ်ပြန်ချင်တဲ့အတွက် အရေးတော် ပုံအောင်ကိုအောင်ရမယ်" ဆိုပြီးတော့ မတ်လ ၈ ရက်နေ့ နေ့လယ် (၃) နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာပါ။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်သူ့ကို ဝရမ်းထုတ်ထားတယ်ဆိုတာကို သိရှိရဖို့အတွက် သဇင်ထူးမြင့်တို့ မိသားစုကို Duwun က ဆက်သွယ်ဖို့ ကြိုးစားပေမဲ့ လက်ရှိအချိန်အထိ ဆက်သွယ်လို့ မရရှိသေးပါဘူး။ 

ဖေဖော်ဝါရီလ (၁) ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးတဲ့နောက် နိုင်ငံအနှံ့အပြားမှာ အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြမှုများပြုလုပ်လျက်ရှိပြီး အဆိုပါလှုပ်ရှားမှုတွေထဲမှာ အနုပညာရှင်အများအပြားလည်း ပါဝင်လျက်ရှိပါတယ်။ သရုပ်ဆောင်လူမင်း၊ သရုပ်ဆောင် ပြေတီဦး၊ ဒါရိုက်တာဝိုင်း၊ ဒါရိုက်တာ ကိုပေါက်၊ ဒါရိုက်တာ ဏကြီး နဲ့ အဆိုတော် အနဂ္ဂတို့ဟာ ပုဒ်မ ၅၀၅ (က) ကြီးနဲ့ ပထမဆုံးအမှုဖွင့်ခံလိုက်ရတဲ့ အနုပညာရှင်များဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၂၀ ရက်နေ့ညမှာ သရုပ်ဆောင် လူမင်း ဖမ်းဆီးခံခဲ့ရပါတယ်။ စစ်အာဏာသိမ််းမှုကို ဆန့်ကျင် ဆန္ဒပြမှုတွေမှာပါဝင်တဲ့ အနုပညာရှင်တွေထဲမှာလည်း ထွက်ပြေးတိမ်းရှောင်နေရသူတွေ ရှိနေပါတယ်။




Author

  • Sabal Thwin

    Entertainment Reporter


က္က