ပိုသူလှူ လိုသူကူ ဆိုတဲ့ အစီအစဉ်လေးအတွက် ဖြစ်ပါတယ်။

သရုပ်ဆောင် နေတိုးဟာ သဘင်ပညာရှင်များစုပေါင်းပြီး အလှူအတန်းတွေလုပ်သွားမယ့် "ပိုသူလှူ လိုသူကူ" အွန်လိုင်းဈေးရောင်း ပွဲတော် မှာ ပရဟိတအလုပ်တွေ ဆောင်ရွက်နိုင်ဖို့ ငွေကျပ်(၁၀)သိန်း ပါဝင်လှူဒါန်းခဲ့ပါတယ်။ 

Photo: Nay Toe



သဘင်ပညာရှင်များမှ စုပေါင်းပြီး " ပိုသူလှူ လိုသူကူ" ဆိုတဲ့ အွန်လိုင်းဈေးရောင်းပွဲတော်လုပ်ရင်း အလှူအတန်းတွေ ပြန်လည် လုပ်ဆောင်နေတာ တွေ့ရပါတယ်။ ဒီအလှူမှာ သရုပ်ဆောင် နေတိုးကလည်း ငွေကျပ်(၁၀) သိန်း ပါဝင်လှူဒါန်းထားတယ်လို့ ဆိုပါတယ်။ 

"သဘင်ပညာရှင်များရဲ့ "ပိုသူလှူ လိုသူကူ" အွန်လိုင်းဈေးရောင်းပွဲတော် အစီအစဉ်အတွက်ထပ်မံပြီးတော့ အလှူငွေ( ၁၀)သိန်းပါဝင်လှူဒါန်းဖြစ်ပါတယ်။ "ကုသိုလ်လည်း ရဝမ်းလည်းဝ"ဆိုတဲ့ မြန်မာစကားပုံလေးတစ်ခုကိုသွားသတိရမိပါတယ် ။ ကောင်းသောအသက်မွေးခြင်းဖြင့် ကုသိုလ်လည်းရ ဝမ်းလည်းဝသကဲ့သို့ ကောင်းသော အမှုကို သူတစ်ပါးအတွက်စေတနာကောင်းနှင့် ဆောင်ရွက်ပေးခြင်းဖြင့် မိမိအကျိုးလည်းတစ်ပါတည်းပြည့်စုံတယ်လို့ဆိုလိုတာပါ" ဆိုပြီးတော့ ဇူလိုင်လ ၂၀ ရက်နေ့ နေ့လယ် ၁ နာရီကျော်က နေတိုးရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။ 

Photo: Nay Toe

နေတိုးဟာ အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ အခုဆိုရင်လည်း သဘင်ပညာရှင်များကိုယ်တိုင် အွန်လိုင်းကနေ တဆင့် အစားအသောက်တွေ ရောင်းချနေမှုအပေါ် ပရိသတ်တွေလည်း အားပေးကြဖို့ တိုက်တွန်းခဲ့ပါသေးတယ်။ 

" အလှူလုပ်ချင်လို့ အစားအသောက်များကိုအခုလိုonlineပေါ်ကနေ မှာယူလို့ရအောင်ကြိုးစားနေကြတဲ့ သဘင်ပညာရှင်တွေရော မှာယူစားသောက်ကြတဲ့ မိဘပြည်သူတွေအားလုံးအားလုံးဟာ" ကုလိုလ်လည်းရဝမ်းလည်ဝ "ဆိုတဲ့အတိုင်း လောကီအတွက်ကော လောကုတ္တရာ အတွက်ပါ နှစ်ဦးနှစ်ဖက်လုံး အကျိုးထူးရစေမှာအမှန်ပဲဖြစ်ပါတယ်။ ဒါကြောင့်မလို့ လက်လှမ်းမီသောပြည်သူများအနေဖြင့်သဘင်အနုပညာရှင်များရဲ့ နှလုံးသားဖြင့် ချက် ပြုတ် ကြော် လှော် ထားသော အစားအစာဟင်းပွဲများကိုမှာယူစားသုံးရင်း... ကုသိုလ်လည်းရဝမ်းလည်းဝ ကြပါစေ။ ပရိသတ်များအားလုံးကိုလည်းကုသိုလ်အမျှပေးဝေပါတယ်ခင်ဗျာ.....နေတိုး" ဆိုပြီးတော့လည်း ဆက်လက် ရေးသားခဲ့ပါသေးတယ်။

Photo: Nay Toe

" ပိုသူလှူ လိုသူကူ" အွန်လိုင်းဈေးရောင်းပွဲတော် အတွက် သဘင်ပညာရှင်တွေဟာ အဆင်သင့်စားသုံးလို့ရတဲ့ ဟင်းတွေကို ကိုယ်တိုင် ချက်ပြုတ်ပြီး ရောင်းချနေတာ တွေ့ရပါတယ်။ *အရသာထူးကြက်အမွကြော်၊ *မင်းသားကြီးချက် အာလူးဘဲဥ မဆလာချက်မွှေးမွှေးလေး၊ *ရွာစားချက် ခရမ်းချဉ် ငါးခြောက် ငရုပ်သီးစိမ်းချက်၊ *ရွာစားကြီး ဦးနေဝင်းရဲ့ တောင်မြို့ ဝက်စဥချက် (ဝက်မှို) ၊ *မင်းသမီးချောလေး ဝင်းသပြေထွန်းရဲ့ ကိုယ်တိုင်ကြော်တဲ့ ချဉ်ပေါင်ကြော်၊ *မင်းသမီးကြီး မမနန်းခင်မွှေးရဲ့ မန်းလေး အမှတ်တရ မုန်ပစ်သလက်နဲ့ မုန့်လင်မယား၊ *စုပေါင်းပဒေသာအချိုပွဲ သာကူဌက်ပျောပေါင်း စတာတွေကို အွန်လိုင်းပေါ်ကနေ တဆင့် " ပိုသူလှူ လိုသူကူ" Facebook Page ကနေတဆင့် ရောင်းချပေးနေတာ တွေ့ရပါတယ်။ 

Photo: Nay Toe

နေတိုးဟာ COVID-19 ကာ တစ်ဖက်တစ်လမ်းကနေ အလှူအတန်းတွေ လုပ်နေတာကိုတွေ့ရပါတယ်။ သူဟာ နိုင်ငံကျော်ရဲ့ စားနပ်ရိက္ခာ ထောက်ပံ့ရေးမှာလည်း ငွေကျပ် သိန်း(၁၀၀) လှူဒါန်းခဲ့ပါတယ်။ အဲဒီနောက်အဆိုတော် ယုန်လေး ဦးဆောင်ပြီး ရန်ကုန်ဆေးရုံကြီးနဲ့ ဘိုကလေးဆေးရုံကြီးမှာ လှူဒါန်းတဲ့ ဆေးပစ္စည်းအလှူမှာလည်း ငွေကျပ်(၁၀) သိန်း လှူဒါန်းခဲ့တာ တွေ့ရပါတယ်။ မေလ ၁၃ ရက်နေ့ကလည်း လူကြမ်းသရုပ်ဆောင်တွေရဲ့ စားဝတ်နေရေးအတွက် ငွေကျပ်(၁၀) သိန်း ထပ်မံ လှူဒါန်းခဲ့တာကိုလည်း တွေ့ရပါတယ်။ 

Photo: Nay Toe

နေတိုးရဲ့ အနုပညာသက်တမ်းကတော့ နှစ်ပေါင်း ၂၀ ကျော်လာပြီဖြစ်ပါတယ်။ သူဟာ ဘက်စုံထူးချွန်တဲ့ အနုပညာရှင်တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ Music Video တွေမှာ သရုပ်ဆောင်လာရင်းကနေ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ TV ကြော်ငြာများစွာကိုလည်း ရိုက်ကူးခဲ့သူ တစ်ယောက်ပါ။ အခုချိန်မှာတော့ နေတိုးက အကယ်ဒမီ ဆုတွေကို ပိုင်ဆိုင်ထားနေပြီဖြစ်ပါတယ်။ ဒီဆုတွေကတော့ မိုးညအိမ်မက်မြူ (၂၀၀၉)၊ နက္ခတ်မှားတဲ့တိုက်ပွဲ (၂၀၁၅)၊ တာတေကြီး (၂၀၁၇) စတဲ့ ရုပ်ရှင်ဇာတ်ကား(၃) ကားမှာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုတွေကို ရရှိထားပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ Cult Critic Movie Award နိုင်ငံတကာရုပ်ရှင်ပွဲတော်က ချီးမြှင့်တဲ့ The Best Actor ဆုကိုလည်း ရရှိပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က