သူမကိုယ်တိုင်လည်း ခွန်အား ရခဲ့တဲ့ သီချင်းပါတဲ့။

သျှီကတော့ “ လဲတိုင်းထ” သီချင်းလေးဟာ သူမအတွက် ခွန်အားတွေလည်း ဖြစ်စေသလို အမှတ်တရတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။ 

Photo: SHE



အဆိုတော် သျှီကတော့ “လဲတိုင်းထ” ဆိုတဲ့ သီချင်းအသစ်လေး ထွက်ရှိလာပြီဖြစ်ပါတယ်။ ဒီသီချင်းလေးဟာ ကဗျာလေးတစ်ခုကို ပုံဖော်ရင်း သီချင်းတစ်ပုဒ်ဖြစ်လာတာလို့ သျှီက ပြောပါတယ်။ 

“ ဒီသီချင်းလေးရဲ့နာမည်က ‘ လဲတိုင်းထ’ ပေါ့။ ဒီသီချင်းလေးဖြစ်လာဖို့ကလည်း ၂၀၁၄ ခုနှစ်လောက်က သျှီ ကဗျာလေးတစ်ပုဒ်ရေးဖူးတယ်။ ကိုယ်က ကဗျာကို ဝါသနာပါတော့ လဲတိုင်းထ ဆိုတဲ့ ကဗျာကို ရေးလိုက်တာ။ ပြီးတော့မှ ဂစ်တာလေးနဲ့ အသံလေးပြန်ထည့်လိုက်တော့ သီချင်းပုံစံလေး ဖြစ်လာတယ်။ အဲဒီမှာ ကိုယ့်ရဲ့ မိဘရယ်၊ သူငယ်ချင်းတွေရယ်ကို တီးပြတဲ့အခါမှာ သူတို့ ကိုယ်တိုင်ကလည်း သူတို့ရဲ့ ရင်ထဲကို ပုံစံ ဆန်းဆန်းလေး တစ်ခု ရောက်လာတယ်လို့ ပြောတယ်။ အဆိုတော် တစ်ယောက်အနေနဲ့ သီချင်းပဲ ဆိုတတ်တဲ့လူက သီချင်းရေးနိုင်မယ်လို့ မထင်ဘူးပေါ့နော်။ အခုလို သီချင်းရေးနိုင်တယ်ဆိုတော့ ပုံစံ အဆန်းလေးလည်း ဖြစ်သွားပုံရပါတယ်” ဆိုပြီးတော့ တေးသံသာ Facebook Page ကနေ တဆင့် ဗီဒီယို ဖိုင်လေးနဲ့ တကွပြောပြခဲ့တာပါ။ 

Photo: SHE

“ လဲတိုင်းထ” ဆိုတဲ့ သီချင်းလေးက အဓိပ္ပာယ်တွေ အများကြီးရှိတယ်လို့ သျှီက ပြောပါတယ်။ ဒီသီချင်းဟာ သူမ အတွက် ခွန်အားဖြစ်စေတဲ့ သီချင်းဖြစ်သလို ပရိသတ်တွေအတွက်လည်း ခွန်အားတွေ ရစေချင်တယ်လို့ သူက ဆိုပါတယ်။ 

“ လူတိုင်းက ဘဝဖြတ်သန်းမှု အမျိုးမျိုးရှိတယ်၊ ကိုယ်တိုင်လည်း ဖြတ်သန်းနေတဲ့ အချိန်မှာ ဖြစ်ချင်တာတွေက ဖြစ်လာမှာ မဟုတ်ဘူးလေ။ ဒီခရီးကို သွားနေရင်းနဲ့ အကြိမ်ကြိမ်လဲရင်လည်း လဲနေရမှာပေါ့။ သျှီကတော့ ကံမကောင်းတဲ့သူ ဆိုတော့ ငယ်ငယ်ကတည်းက အကြိမ်ကြိမ် လဲခဲ့ရတဲ့သူပေါ့။ သျှီ ဖြစ်လာဖို့ ဘဝဖြတ်သန်းလာတဲ့ တစ်လျှောက်လုံးမှာ အလူးလူး အလဲလဲ ခက်ခက် ခဲခဲဖြတ်သန်းခဲ့ရတယ်။ လဲတိုင်းလည်း ပြန်ထတယ်၊ ပြေးလို့ရသလောက်လည်း ပြေးတယ်။ နောက်ဆုံးတော့ သျှီဖြစ်လာတယ်ပေါ့။ နောက်လည်း ထပ်လဲနိုင်မှာပဲ။ သျှီက အဆိုတော် တစ်ယောက်ဆိုပေမယ့် အဆိုတော်အဖြစ်နဲ့ မရောင့်ရဲနိုင်ပဲ သီချင်းလေး တစ်ပုဒ်လည်း ရေးဖူးချင်တယ်။ ကိုယ်ရေးလိုက်တဲ့ သီချင်းကလည်း အားလုံးအတွက် အဓိပ္ပာယ်တစ်ခု ပြည့်တဲ့ သီချင်းဖြစ်ချင်တယ်။ အထူးသဖြင့် ခွန်အားပေးတဲ့ သီချင်းဖြစ်ချင်တယ်။ ဒီသီချင်းက ကိုယ်ကိုယ်တိုင်လည်း အားပေးတဲ့ သီချင်းလည်း ဖြစ်သလို ကိုယ့်ပရိသတ်တွေကိုလည်း ခွန်အားပေးချင်တဲ့ ဆန္ဒနဲ့ ဒီသီချင်းလေးကို လက်ဆောင်ပေးတာပါ” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: SHE

အဆိုတော် သျှီ ကိုယ်တိုင်ရေးထားတဲ့ “လဲတိုင်းထ” သီချင်းလေးကို တေးသံသာ ဖေ့စ်ဘွတ်ပေ့ချ် နဲ့ App တို့ကနေ တဆင့် ဇွန်လ ၂၇ ရက်နေ့ကတည်းက နားဆင်နိုင်ပြီလို့ သိရပါတယ်။ ဒီသီချင်းဟာ အဆိုတော်သျှီရဲ့ မွေးနေ့ အမှတ်တရ ထွက်လာတဲ့ သီချင်းဖြစ်တယ်လို့ သျှီက ဆိုပါတယ်။ သူမဟာ ဇွန်လ (၂၇) ရက်နေ့တုန်းက အသက်(၄၄) နှစ်ပြည့်သွားပြီလို့လည်း ဗီဒီယို ထဲမှာ ပြောပြခဲ့ပါတယ်။ “လဲတိုင်းထ” သီချင်းပုံစံလေးကတော့ Blue Rock သီချင်းအမျိုးအစားဖြစ်ပါတယ်တဲ့။ 

အဆိုတော် သျှီကတော့ ဂီတလောကထဲကို ၁၉၉၇ ခုနှစ်ကတည်းက ဝင်ရောက်လာခဲ့သူ ဖြစ်ပြီး အခုဆိုရင်တော့ ဂီတ သက်တမ်း(၂၃) နှစ်ခန့် ရှိပြီဖြစ်ပါတယ်။ သူမဟာ အသံပါဝါအား ကောင်းပြီး ရော့ခ်ဂီတအမျိုးအစားကို ပိုင်ပိုင်နိုင်နိုင် သီဆိုတတ်တဲ့ အမျိုးသမီး အဆိုတော် တစ်ယောက်ပါ။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က