ဝင်းဦးရဲ့ အသံဖြင့် အသံတုလုပ်ပြီး သီဆိုခဲ့တာ ဖြစ်ပါတယ်။

နေတိုးဟာ ရုပ်ရှင် နှစ်(၁၀၀) ပြည့်အထိမ်းအမှတ်အတွက် ရည်ရွယ်ပြီး ဝါရင့်သရုပ်ဆောင်ကြီး ဝင်းဦးရဲ့ အသံဖြင့် အသံတုလုပ်ပြီး " မမမိုး" သီချင်းကို သီဆိုခဲ့တာ တွေ့ရပါတယ်။ 

Photo: Nay Toe



မြန်မာနိုင်ငံရဲ့ ထိပ်တန်းအနုပညာရှင်တစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင် နေတိုးဟာ ဝါရင့်အနုပညာရှင်ကြီးဖြစ်သူ ဝင်းဦးရဲ့ ဖက်ရှင်၊ ဝင်းဦးရဲ့ အသံဖြင့် အသံတုလုပ်ပြီး " မမမိုး" သီချင်းလေးနဲ့ ပရိသတ်ကို အွန်လိုင်းကနေတဆင့် ဖျော်ဖြေခဲ့ပါတယ်။ ဒါဟာ ရုပ်ရှင်နှစ်(၁၀၀) ပြည့်အတွက် ရည်ရွယ်ပြီး ဖျော်ဖြေပေးတာလို့ သူကဆိုပါတယ်။ 

" ကျွန်တော်ဖြတ်သန်းခဲ့ရတဲ့နှစ် ၂၀ အတွင်းလာမယ့် October လ 13 ရက်နေ့ဆိုရင်မြန်မာ့ရုပ်ရှင်ဟာနှစ် ၁၀၀ ပြည့်တော့မှာပါ။ ဒီလိုအချိန်ဒီကာလမျိုးဟာအပြင်မှာပွဲလမ်းသဘင်ပြုလုပ်ဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ ဒါကြောင့် Online ပေါ်မှနည်းမျိုးစုံနဲ့ ဖျော်ဖြေတင်ဆက်မှုတွေနဲ့သာ လောလောဆယ်ကျေနပ်ပေးစေလိုပါတယ်။ နှစ် ၁၀၀ မှနောင်နှစ်ပေါင်းများစွာတိုင် ခေတ်မီသောတိုးတက်ပြောင်းလဲမှုများစွာဖြင့်ပရိသတ်တွေကိုဖျော်ဖြေတင်ဆက်မှုတွေပေးရင်းမြန်မာ့ရုပ်ရှင်ထာဝရရှင်သန် နိုင်ပါစေလို့ဆုတောင်းပေးပါတယ်ခင်ဗျာ" ဆိုပြီးတော့ သြဂုတ်လ(၁) ရက်နေ့ ညနေ (၆) နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ တင်ခဲ့တာ တွေ့ရပါတယ်။ 

Photo: Nay Toe

နေတိုးကိုယ်တိုင် သီဆို၊ သရုပ်ဆောင်ထားတဲ့"မမမိုး" သီချင်းလေးကို ကြိုက်နှစ်သက်တဲ့ ပရိသတ်ပေါင်း ၂သိန်း၅သောင်း၂ထောင်ကျော်ရှိပြီး ပြန်လည်မျှဝေခဲ့တဲ့ ပရိသတ် ၂သောင်း၅ ထောင်ရှိခဲ့ပါတယ်။ဒီ သီချင်းဗီဒီယိုလေးကို သြဂုတ်လ(၁) ရက်နေ့ ညနေ (၆) နာရီကနေ စတင်မိတ်ဆက်ခဲ့ပြီး သြဂုတ်လ(၂) ရက်နေ့ မနက်(၉) နာရီအချိန်အထိ တစ်ရက်အတွင်းမှာ ကြည့်ရှု့ အားပေးခဲ့တဲ့ ပရိသတ်ပေါင်း ၁.၆ သန်းရှိခဲ့တာကိုတွေ့ရပါတယ်။ " မမမိုး" သီချင်းကိုတော့ အလင်္ကာကျော်စွာ ရွှေပြည်အေး ရေးသားထားတာ ဖြစ်ပြီး မူရင်း အဆိုရှင်ကတော့ သရုပ်ဆောင် ဝင်းဦးဖြစ်ပါတယ်။ ဒီသီချင်းဟာ ဝင်းဦး အောင်မြင်ခဲ့တဲ့ သီချင်းတွေထဲက တစ်ပုဒ် အပါအဝင်ပါပဲ။

Photo: Nay Toe

ဝါရင့်သရုပ်ဆောင် ဝင်းဦးရဲ့ အသံဖြင့် အသံတုလုပ်ပြီး "မမမိုး" သီချင်းကို ပုံဖော်သီဆိုခဲ့တဲ့ ရည်ရွယ်ချက်ကိုလည်း နေတိုးက အခုလို ပြောပြထားပါသေးတယ်။ 

" ဒီ video လေးကို ဖန်တီးခြင်းဟာ ပရိသတ်များကြည့်မိတဲ့အချိန်တိုလေးအတွင်းမှာ စိတ်အပန်းဖြေပြုံးရွှင်စရန်ရည်ရွယ်ပြီး ကျွန်တော်တို့အားလုံးရဲ့ရင်ထဲမှာအမြဲရှိနေသော အနုပညာရှင်များစွာထဲမှ တစ်ချိန်တစ်ခါက ရုပ်ရှင်ကို ဆန်းသစ်အောင်ဖန်တီးနိုင်ခဲ့သော အနုပညာရှင် ကြီးအား လေးစားတန်ဖိုးထားသောစိတ်ဖြင့်သာရိုက်ကူးဖန်တီးထားခြင်းဖြစ်ပါတယ်ခင်ဗျာ" ဆိုပြီးတော့ ဆက်လက် ရေးသားထားတာ ဖြစ်ပါတယ်။ 

Photo: Nay Toe

နေတိုးရဲ့ အနုပညာသက်တမ်းကတော့ နှစ်ပေါင်း ၂၀ ကျော်လာပြီဖြစ်ပါတယ်။ သူဟာ အနုပညာနဲ့ ပတ်သက်လာရင် စွယ်စုံရ အနုပညာရှင်တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ နေတိုးက Music Video တွေမှာ သရုပ်ဆောင်လာရင်းကနေ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ TV ကြော်ငြာများစွာကိုလည်း ရိုက်ကူးခဲ့သူ တစ်ယောက်ပါ။ အခုချိန်မှာတော့ နေတိုးက အကယ်ဒမီ ဆုတွေကို ပိုင်ဆိုင်ထားနေပြီဖြစ်ပါတယ်။ ဒီဆုတွေကတော့ မိုးညအိမ်မက်မြူ (၂၀၀၉)၊ နက္ခတ်မှားတဲ့တိုက်ပွဲ (၂၀၁၅)၊ တာတေကြီး (၂၀၁၇) စတဲ့ ရုပ်ရှင်ဇာတ်ကား(၃) ကားမှာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုတွေကို ရရှိထားပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ Cult Critic Movie Award နိုင်ငံတကာရုပ်ရှင်ပွဲတော်က ချီးမြှင့်တဲ့ The Best Actor ဆုကိုလည်း ရရှိပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ 





ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က