မြစ်ရေ တက်လာလို့ အဆင်မပြေတွေ ဖြစ်ခဲ့ရပါတယ်တဲ့။

ပရိသတ်အားပေးမှုများစွာရရှိနေတဲ့ ‘’ဝတ်လဲတော် ရွှေပုဆိုး တန်းထိုးလို့ကြိုမယ်’’ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကွင်းဟာ ခဏတာ ရပ်နားလိုက်ရပြီလို့ ဒါရိုက်တာ ညွှန့်မြန်မာ ညီညီအောင်က ပြောပါတယ်။

Photo: U Phoe Swe



သရုပ်ဆောင် ဒေါင်း၊ ထူးအောင်၊ မို့မို့မြင့်အောင်နဲ့ ဝတ်မှုံရွှေရည်တို့ ပါဝင်သရုပ်ဆောင်နေတဲ့ ‘’ ဝတ်လဲတော်ရွှေပုဆိုး တန်းထိုးလို့ကြိုမယ်’’ ရုပ်ရှင်ဇာတ်ကားကြီးဟာ မြစ်ရေ ကြီးလာတဲ့အချိန်ဖြစ်တဲ့အတွက် ရိုက်ကူးရေးတွေ နားထားရတယ်လို့ ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင်က Duwun Media ကို ဖြေဆိုခဲ့ပါတယ်။

‘’ကျွန်တော်တို့ ရိုက်နေရင်းနဲ့ ရွာထဲကို ရေတွေဝင်လာတယ်။ ရိုက်တဲ့နေရာထဲကို ဝင်လာတာပေါ့နော်။ လောလောဆယ်တော့ ရိုက်ကူးရေး ခဏ ရပ်ထားရတယ်။ နောက်ကျတော့မှ မင်းသား၊ မင်းသမီးတွေနဲ့ ပြန်တိုင်ပင်ပြီးတော့မှ ရန်ကုန်ရောက်မှ အစီအစဉ်တစ်ခု အကြမ်းဖျင်းလေး လုပ်မယ်ပေါ့နော်။ ကျွန်တော်တို့ အကောင်းဆုံးဖြစ်အောင် ကြိုးစားပါ့မယ်။ လွယ်လွယ်နဲ့တော့ မလျှော့ပါဘူး’’ လို့ သူကဆိုပါတယ်။

Photo: U Phoe Swe

အဲဒီနောက် ဝတ္ထုထဲက အကြောင်းအရာဟာ နွေရာသီကို အခြေခံထားတဲ့ ဝတ္ထုဖြစ်တာကြောင့် ရေဝင်လာတာ အခက်အခဲဖြစ်သွားတယ်လို့ ဆိုပါတယ်။

‘’ကျွန်တော်တို့ မှားသွားတဲ့ တစ်ချက်က ဒီဝတ္ထုက အခြေခံထားတာက ၃ လပိုင်း တပေါင်းပွဲတော်လောက်ကို အခြေခံထားတာကိုး။ ကျွန်တော်တို့ရိုက်တာက ၇ လပိုင်းဆိုတော့ ရေဝင်တဲ့လလည်း ဖြစ်နေတယ်။ နေရာက ပန်းပွင့်တွေ၊ ပန်းပင်တွေ စိစစ်မှုလည်း ဘာမှမရှိ၊ အဓိကက ကျွန်တော်တို့ အနှောက်အယှက်ဖြစ်သွားတာ ကတော့ ရေဝင်သွားတယ်။ ရိုက်နေရင်းနဲ့ ရေဝင်သွားတယ်ပေါ့။ ဝတ္ထုထဲမှာက ရေမရှိတဲ့လမှာဆိုတော့ ရိုက်လို့ အဆင်မပြေတော့ဘူးပေါ့’’ လို့ သူကဆိုပါတယ်။

Photo: U Phoe Swe

ဒါကြောင့် ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင်က ပါဝင်တဲ့သရုပ်ဆောင်တွေနဲ့ တိုင်ပင်ပြီး ဇာတ်ကား ဆက်လက်ရိုက်ကူးမယ့်နေ့ကို ပြန်လည်သတ်မှတ်သွားမယ်လို့ ဆိုပါတယ်။

‘’မင်းသားမင်းသမီး အားတဲ့ရက်၊ ကျွန်တော်တို့ဘက်ကလည်း အားတဲ့ရက်မှာ အစည်းအဝေးလေး ပြန်လုပ်ပြီးတော့ ရိုက်မှာပါ။ ကျွန်တော်တို့ ဇာတ်ညွှန်းကိစ္စတွေကလည်း အားလုံးပြေလည်သွားကြပါပြီ’’ ဆိုပြီးတော့ ဇူလိုင်လ ၂၀ ရက်နေ့က Duwun Media ရဲ့ ဆက်သွယ်မေးမြန်းမှုမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

Photo: U Phoe Swe

ဝတ်လဲတော် ရွှေပုဆိုး တန်းထိုးလို့ကြိုမယ် ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင်က ရေစကြိုမြို့မှာရှိတဲ့ ဖြုံဘူးကျေးရွာမှာ ရိုက်ကူးနေတာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ ဇူလိုင်လ ၁၇ ရက်နေ့က ဇာတ်ကား ကန်တော့ပွဲပေးပြီး စတင်ရိုက်ကူးခဲ့တာပါ။ ဒီဇာတ်ကားရိုက်ကူးနေချိန်မှာလည်း ပရိသတ်တွေရဲ့ စိတ်ဝင်စားခြင်းကို ခံခဲ့ရတာပါ။ ‘’ဝတ်လဲတော် ရွှေပုဆိုး တန်းထိုးလို့ကြိုမယ်’’ ရုပ်ရှင်ဇာတ်ကားကြီး ဟာ စာရေးဆရာမ ခင်ခင်ထူးရဲ့ အောင်မြင်တဲ့ ဝတ္ထုတစ်ပုဒ်လည်း ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က