မိသားစုကိုပဲ ဦးစားပေးဖို့ ဆုံးဖြတ်ထားသူလေး။
Ei Ei Myat

အေသင်ချိုဆွေက Single Mother တစ်ယောက်အနေနဲ့ သမီးလေးကို ပြုစုပျိုးထောင်ပေးနေသူ ဖြစ်ပါတယ်။ သူ့ဘဝထဲကို သမီးလေးရောက်လာမှ ပြောင်းလဲသွားတာတွေ အများကြီး ရှိခဲ့တယ်လို့ ဆိုပါတယ်။

 

သမီးလေးအတွက် အမြဲတမ်း ရှေ့တန်းတင် စဉ်းစားဖြစ်တဲ့ အေသင်က အခုချိန်မှာ သူမဘဝအတွက်အရေးကြီးဆုံးက သမီးလေးနဲ့ မိသားစုပါပဲလို့ ဆိုပါတယ်။ အရာရာ သမီးလေးအတွက်ပဲ တွေးနေမိတဲ့ သူမက သူစိမ်းယောကျ်ားတစ်ယောက်အတွက်နဲ့ သူမရဲ့ အချိန်တွေကို မကုန်ဆုံးချင်တော့ဘူးလို့ ဆိုပါတယ်။ ဒါကြောင့်လည်း Ivy လေး အသက်(၁၈)နှစ် မပြည့်မချင်း နောက်အိမ်ထောင်ပြုဖို့ ရည်းစားထားဖို့လုံးဝမစဉ်းစားဘူးလို့ ပြောပါတယ်။

“သူကိုယ့်ဘဝထဲ ရောက်လာတဲ့အချိန်မှာ ပြောင်းလဲသွားတာတွေအများကြီးရှိတယ်။ သူ့ရှေ့ရေးအတွက်ဆို ပြီးစဉ်းစားလိုက်ရင်တော့ အများကြီးပဲ၊ ကိုယ်ဖြစ်စေချင်တာထက် သူဖြစ်ချင်တာကို ဦးစားပေးသွားမယ်။ သူ(၁၈)နှစ်မပြည့်မချင်း နောက်အိမ်ထောင်ပြုဖို့ ရည်းစားထားဖို့တွေ စိတ်ကူးလည်း မရှိဘူး။ သူ့အတွက်ကို အပြည့်ပေးချင်တယ်။ ကိုယ့်ရဲ့ စိတ်ခံစားချက်ကို အလိုလိုက်ပြီး ဖြစ်သွားမှာ ကြောက်တယ်။ ကိုယ့်စိတ်ကလည်း မလိုချင်တော့ဘူး။ ဒီဘဝလေးက အေးချမ်းတယ်။တစိမ်းယောကျာ်းတစ်ယောက်ကို အချိန်ပေးတာထက် စာရင် ကိုယ့်မိသားစုကိုအချိန်ပေးချင်တယ်။ကိုယ့်သမီးလေးကို အချိန်ပေးရင်း ကုန်ဆုံးချင်တယ်” လို့ သူမက သြဂုတ်လ(၂၃) ရက်နေ့က Ivy လေး မွေးနေ့မှာ မီဒီယာတွေကို ပြောပြခဲ့တာဖြစ်ပါတယ်။

အေသင်က လက်ရှိမှာ ဂီတအလုပ်တွေလည်း လုပ်နေရတာဖြစ်သလို သမီးလေးကိုလည်း အဖေလိုရော၊ အမေလိုပါ ပြုစု စောင့်ရှောက်နေရသူပါ။ စိတ်ပင်ပန်းစရာ၊ လူပင်ပန်းစရာတွေရှိပေမယ့်လည်း သမီးလေးကြောင့် အမောပြေရပါတယ်တဲ့။

‘’ Single Mother တစ်ယောက်အနေနဲ့ သူ့ကို ကိုယ်ဝန်စလွယ်ကတည်းက ဆုံးဖြတ်ထားပြီးတဲ့ အရာတစ်ခုဖြစ်တဲ့အတွက် အရမ်းတော့ မပင်ပန်းပါဘူး။ စိတ်တော့ မပင်ပန်းဘူး။ လူကတော့ တစ်ခါတလေမှာ အလုပ်ကိစ္စတွေနဲ့ ပြဿနာတွေနဲ့ဆိုတော့ နည်းနည်းတော့ ပင်ပန်းတာပေါ့နော်။ သူနဲ့ အတူတူနေရတဲ့အချိန်တွေ Ivy လေးနဲ့ အချိန်ဖြုန်းလိုက်ရင်တော့ စိတ်က ပြေသွားရော။ ဘဝဆိုတာ အခက်အခဲတွေကတော့ အများကြီးပါပဲ’’ လို့ သူကဆိုပါတယ်။

အေသင်ချိုဆွေကို(A Then Cho Swe) ‘’ပေါက်တဲ့အိုး’’ ဆိုတဲ့ တစ်ကိုယ်တော် အခွေ ကနေတဆင့် ပရိသတ်တွေ သိတင်သိရှိခဲ့တာပါ။ အဲဒီနောက် ‘’ အနီးဆုံးလူ’’ ဆိုတဲ့ ဒုတိယမြောက် တစ်ကိုယ်တော်အခွေလည်း ထွက်ရှိခဲ့ပါတယ်။ သူမဟာ ဂီတအလုပ်တွေသာမက သရုပ်ဆောင် တစ်ယောက်အနေနဲ့ ဗီဒီယို ဇာတ်ကားတွေလည်း ရိုက်ကူးခဲ့ဖူးပါသေးတယ်။ ဒုတိယမြောက် တစ်ကိုယ်တော်အခွေ ထွက်ပြီးသွားတဲ့နောက်မှာတော့ အနုပညာအလုပ်တွေနဲ့ ခဏတာ ဝေးကွာသွားခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၈ ခုနှစ်မှစပြီး ဂီတလောကထဲကို ပြန်လည်ဝင်ရောက်လာတာ ဖြစ်ပါတယ်။


က္က