သူ့အတွက် crowd surf ပထမဆုံးလုပ်ခွင့်ရတဲ့ အမှတ်တရလေးပါတဲ့။

ဘန်နီဖြိုးက မွေးနေ့မှာ အရမ်းချစ်ရတဲ့ ပရိသတ်တွေအတွက် သူ့ရဲ့ ဘဝမှာလုံးဝ မမေ့နိုင်ခဲ့တဲ့ အမှတ်တရလေး တစ်ခုကို မျှဝေသွားမယ်လို့ ဆိုပါတယ်။ 

Photo: Bunny Phyo



ဒီနေ့ (ဇူလိုင် ၉ ရက်)က အဆိုတော် ဘန်နီဖြိုးရဲ့ မွေးနေ့ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်အတွင်းက သူ့ရဲ့ ဘဝမှာ ပထမဆုံး လုပ်ခွင့်ရခဲ့တဲ့ crowd surf လေးကို ပရိသတ်တွေလည်း ကြည့်လို့ရအောင် ဒီနေ့ည ၉ နာရီမှာ သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်ကနေ တင်သွားမယ်လို့ သိရပါတယ်။ ဒီ crowd surf လေးဟာ သူ့အတွက် အမှတ်တရပါပဲ လို့ ဆိုပါတယ်။ 

"ဒီနှစ်မွေးနေ့ အမှတ်တရအနေနဲ့ ကျွန်တော့်ဘဝရဲ့အမှတ်ရစရာအကောင်းဆုံး moment တစ်ခုကိုကျွန်တော် share ပါရစေ။ 2014 တုန်းကလုပ်ခဲ့တဲ့ ကျွန်တော့်ရဲ့ Solo Concert မှာ ကျွန်တော်ပထမဆုံးအကြိမ်အဖြစ် crowd surf လုပ်ခွင့်ရခဲ့ပါတယ် ။ ဘယ်တော့မှမမေ့နိုင်တော့တဲ့ အခိုက်အတန့်ခဏလေးပါပဲဗျာ ။ နိုင်ငံခြားက crowd surf တွေလောက်အမိုက်စားကြီး အကြမ်းကြီးမဟုတ်လည်း ကျွန်တော့်အတွက်တော့ကမ္ဘာပါပဲ" ဆိုပြီးတော့ ဇူလိုင် ၇ ရက်နေ့ ညနေ ၃ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ် ပေ့ချ်မှာ ရေးသားခဲ့ပါတယ်။ 

Photo: Bunny Phyo

ဘန်နီဖြိုးဟာ ပရိသတ်တွေကို မွေးနေ့ အမှတ်တရ Share ပေးမယ့် crowd surf လေးဟာ နောက်ဆုံး ထွက်ရှိထားတဲ့ "နီယွန် အိပ်မက်များ" ဆိုတဲ့ အခွေထဲမှာ ထည့်ပေးထားသေးတယ်လို့လည်း သူက ဆိုပါတယ်။ 

"ဒီ video clip လေးက NeonDreams အခွေရဲ့ Dreamers Edition ဝယ်ထားတဲ့သူတွေတော့ကြည့်ပြီးသားဖြစ်မှာပါ။ ဒီနှစ်မွေးနေ့မှာတော့ ကျွန်တော်တို့အားလုံးအတူပြန်ကြည့်ပြီးအပျော်တွေကူးစက်ဖို့ ကျွန်တော့် page ကနေ ပြန် share လိုက်ပါတယ်။ တစ်ဆက်တည်း ဒီပရိသတ်တွေအားလုံး အတွက်ရည်ရွယ်တဲ့ "မရှိမဖြစ်" သီချင်းကိုပါနားဆင်ခံစားပါဗျာ" လို့လည်း ဆက်လက် ရေးသားခဲ့ပါသေးတယ်။ 

Photo: Nay

ဘန်နီဖြိုးရဲ့ ဂီတသက်တမ်းကတော့ ၁၀ စုနှစ်ကျော်လာခဲ့ပြီဖြစ်ပါတယ်။ သူ့ကိုတော့ “အလွမ်းပြေအနမ်း” ဆိုတဲ့ သီချင်းနဲ့ ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ သူဟာ “ချစ်တယ်ဟုတ်” ၊ “လူပျိုလှည့်တေး”၊ “lucky” ၊“နီယွန်အိပ်မက်များ” ဆိုတဲ့ တစ်ကိုယ်တော် အခွေတွေ ထွက်ရှိခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ ပထမဆုံး တစ်ကိုယ်တော် ဖျော်ဖြေပွဲကိုတော့ ၂၀၁၄ ခုနှစ်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ဒုတိယမြောက် တစ်ကိုယ်တော် ဖျော်ဖြေပွဲကိုတော့ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ (၁၄) ရက်နေ့မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က