COVID-19 ရောဂါမပြန့်ပွားစေဖို့ ဝေဘာဂီဆေးရုံမှာ တာဝန်ထမ်းဆောင်နေတာပါတဲ့။

အောင်သော်ကတော့ ဝေဘာဂီဆေးရုံကြီးမှာ ကျန်းမာရေးဝန်ထမ်းအဖြစ် တာဝန်ထမ်းထောင်နေတယ်လို့ ဆိုပါတယ်။ 

Photo: Aung Thaw



ဟာသလူရွှင်တော် သရုပ်ဆောင် အောင်သော်ကတော့ ဝေဠုကျော်ဖောင်ဒေးရှင်းနဲ့ ပူးပေါင်းပြီး COVID-19 ကာကွယ်စောင့်ရှောက်ရေးအတွက် ကျန်းမာရေးဝန်ထမ်းတစ်ယောက်အဖြစ် ဝေဘာဂီဆေးရုံကြီးမှာ ပါဝင်ဆောင်ရွက်နေပြီလို့ သိရပါတယ်။ 

" COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှု နှင့် အရေးပေါ် လိုအပ်သည့်နေရာ များတွင် ရန်ကုန်တိုင်းကျန်းမာရေး ရဲ့ ဦးစီး ကွပ်ကဲမှု့ဖြင့် ပူးပေါင်း ပါဝင်ကူညီနိုင်ရန်အတွက် နားလည်ပေးတဲ့ မိသားစု နှင့် ခွင့်ပြုပေးတဲ့ ချစ်သူကိုပါ ကျေးဇူးတင်ပါတယ်။ ဒီနေ့ကစပြီး အရေးကြီးလူနာနှင့် စောင့်ကြည့်လူနာများကို ထိတွေ့ကိုင်တွယ်ရတော့မှာဖြစ်တဲ့အတွက် ဗိုင်းရပ်များ ကပ်တွယ်နေနိုင်သည့်အတွက် အိမ်ပြန်ခွင့်မရှိတော့သလို ကိုယ်တိုင် lockdown ချလိုက်ရ ပြီဖြစ်ပါတယ်" ဆိုပြီးတော့ မတ်လ ၂၆ ရက်နေ့ မနက် ၁၂ နာရီ ဝန်းကျင်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

လက်ရှိမှာလည်း COVID-19 ကာကွယ်မှုအတွက် ကျန်းမာရေး ဝန်ထမ်းများစွာ လိုအပ်နေတာ ဖြစ်တဲ့အတွက် အောင်သော်ဟာ တစ်ထောင့်တစ်နေရာက ပါဝင်ကူညီချင်တဲ့ ဆန္ဒရှိတယ်လို့လည်း သိရပါတယ်။ အောင်သော်ဟာ မကြာသေးခင်က 3day ဆိုတဲ့ ဇာတ်ကားကို ရိုက်ကူးခဲ့ပြီးတာ ဖြစ်ပါတယ်။ အနုပညာအလုပ်တွေလည်း လုပ်ဆောင်နေတာဖြစ်သလို ကိုယ်ပိုင် ပရဟိတအသင်းဖြစ်တဲ့ Golden Middel Way (GMW) ပရဟိတအသင်းကိုလည်း ထူထောင်ထားတာ တွေ့ရပါတယ်။ 

Photo: Aung Thaw

အောင်သော်ဟာ COVID-19 ကူးစက်ရောဂါ ပြန့်ပွားမှု ရပ်တန့်သွားမှသာ မိသားစုထံ ပြန်ခွင့်ရမှာဖြစ်ပါတယ်။ ဒါကြောင့် အလုပ်ကိစ္စတွေလည်း ဆောင်ရွက်နိုင်တော့မှာ မဟုတ်တဲ့ အကြောင်း ပြောပြခဲ့ပြန်ပါသေးတယ်။ 

"ဒီရက်တွေမှာ အလုပ်နှင့် အခြားကိစ္စများတွက် မလုပ်နိုင်သေးတာကိုတောင်းပန်ပါတယ်။ အရေးကြီးတွေ့လိုပါက ဝေဘာဂီဆေးရုံမှာ နေ့ ည ရှိနေမှာပါ။ လိုအပ်လို့ အကူညီလိုလျှင် ဆက်သွယ်ပါ။ ကျွန်တော်တို့ လိုအပ်ချက်များရှိလျှင်လည်း ‌ပြောပါ ဆိုပါ ရိုင်းပင်ပါ။ ကျွန်တော်နှင့်အတူ ကိုဝေဠုကျော်၊ မေတ္တာမြင့်မြတ်ဟိန်း အပါအဝင် အားလုံး နှစ်ကျိတ် နှင့် တစ်ယောက်ပါ" လို့ ဆိုပါတယ်။ 

Photo: Aung Thaw

အောင်သော်ကိုတော့ ပရိသတ်တွေက Five Star လူရွှင်တော်အဖွဲ့ဝင်တစ်ယောက်အဖြစ် ပရိသတ်တွေ သိရှိလာခဲ့တာပါ။ အဲဒီနောက် ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားတွေမှာ ဟာသသရုပ်ဆောင် တစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်နေခဲ့ပါတယ်။ လက်ရှိမှာလည်း ရုပ်ရှင်ကားကြီးတွေ ရိုက်ကူးနေရတာ တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က