အထင်သေးကြတာလား၊ အရှုံးသမားလို့ သတ်မှတ်ချင်နေကြတာလား။

အေသင်ချိုဆွေက သူမကို အထင်သေးတဲ့သူတွေရှိတာကြောင့် လက်ရှိရပ်တည်မှုကို အရှုံးမပေးဘူးလို့ဆိုပါတယ်။ သူမက အခုဆိုရင် သမီးလေး Ivy ကို စောင့်ရှောက်နေသူတစ်ယောက်ဖြစ်ပါတယ်။

Photo: အေသင်ချိုဆွေ

အေသင်ချိုဆွေကတော့ သူမရဲ့ ဘဝကို လွယ်လွယ်အရှုံးမပေးဘူးလို့ ဆိုပါတယ်။ သူမကို နှိမ်ချင်ကြသူတွေရဲ့ အပြုအမူတွေကိုလည်း မကျေမနပ်ဖြစ်မိတဲ့ ခံစားချက်ကို အခုလိုပြောပြလာပါတယ်။

‘’အထင်သေးကြတာလား၊ အထင်မကြီးကြတာလား၊ အမှားတွေလုပ်ခဲ့ဖူးလို့လား၊ အရှုံးသမားလို့ သတ်မှတ်နေချင်သေးတာလား၊ ကျွန်မကို အမြဲလိုနိုပ်စက်နေတဲ့ အဲ့ဒီ အပြုအမှုတွေကို ရိုက်ချိုးပစ်ချင်တာ။ အချိန်တစ်ခုတော့လိုတယ်လေ၊ လွယ်လွယ်နဲ့ အရှုံးမပေးတတ်ဖို့တော့လိုတယ်’’လို့ ဆိုပါတယ်။

Photo: အေသင်ချိုဆွေ

အဆိုတော် အေသင်ချိုဆွေက သမီးလေး Ivy နဲ့ အတူနေရတဲ့ ဘဝလေးက အရမ်းကိုပျော်ဖို့ကောင်းတယ်လို့ ဆိုပါတယ်။ သူမရဲ့ ဘဝကိုတော့ သမီးလေးနဲ့အတူတူ ဖြတ်သန်းသွားမယ်လို့ မီဒီယာတွေကနေတဆင့် ပြောပြထားပါတယ်။

‘’တစ်ယောက်တည်းနေသွားဖို့ပဲ အစီအစဉ်ရှိပါတယ်။ ဒီအတိုင်းလေးပဲ ကောင်းပါတယ်။ ဘဝမှာ အတူတူရှိလည်း ပူလောင်နေမယ်၊ ကလေးလည်း စိတ်ဆင်းရဲရမယ့် အတူတူတော့ ဒီသားအမိ နှစ်ယောက်ဘဝမှာ ပင်တော့ ပင်ပန်းပေမယ့် ပျော်တယ်။ ကိုယ်စိတ်ညစ်လာတဲ့အခါ သူနဲ့အတူတူဆော့လိုက်ရင် ပျော်သွားတယ်။ ဒါလေးတွေက အရမ်းကြည်နူးဖို့ကောင်းပါတယ်’’ လို့ သူကဆိုပါတယ်။

Photo: အေသင်ချိုဆွေ

အေသင်ဟာ လက်ရှိမှာ ဂီတအလုပ်တွေ ဆက်တိုက် လုပ်နေရတာဖြစ်ပြီး သူမရဲ့ အနုပညာကြေးနဲ့ သမီးလေးကို အကောင်းဆုံးပျိုးထောင်သွားမယ်လို့ဆိုပါတယ်။ နောက်အိမ်ထောင်ပြုဖို့လည်း သူ့အတွက် မလိုအပ်ဘူးလို့ ပြောပါတယ်။

‘’စကားကတော့ အကုန်ပြောလို့ မရပါဘူး။ ဒါပေမဲ့ တွေ့ဖို့ဆိုတာတော့ အခုချိန်မှာ မမျှော်လင့်ဘူး။ ကိုယ်သည် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တယ်။ ကိုယ့်ဘာသာအလုပ်လုပ်ပြီးတော့ ကလေးတစ်ယောက်ကို အကောင်းဆုံးပြုစုပျိုးထောင်နိုင်တယ်။ မလိုအပ်ပါဘူး’’ လို့ ဆိုပါတယ်။

Photo: အေသင်ချိုဆွေ

အနုပညာလောကထဲကို ၂၀၁၈ ခုနှစ်မှစပြီး ပြန်လည်ဝင်ရောက်လာတဲ့ အေသင်ချိုဆွေက ဇူလိုင်လ ၁၀ ရက်နေ့မှာ "အသည်းကွဲသီချင်း တွေမဆိုတော့ဘူး" ဆိုတဲ့ သီချင်းသစ်လေးကို ပရိသတ်လက်ထဲ အရောက်ပေးခဲ့ပါတယ်။ လက်ရှိမှာ ပရိသတ်တွေအတွက် အနုပညာအလုပ်တွေ ပိုပြီးလုပ်သွားဖို့ ပြင်ဆင်နေပါတယ်။ သီချင်းအသစ်တွေ လုပ်နေသလို မကြာခင်မှာလည်း အွန်လိုင်းကနေ သီချင်းတွေ ဖြန့်သွားဖို့လည်း ရှိတယ်လို့ သိရပါတယ်။



က္က