ဘဝတူ မိန်းကလေးတွေကို ကိုယ်ချင်းစာတယ်။

ပိုင်ဖြိုးသုဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ သူမမျက်နှာပေါ်က ဝက်ခြံတွေကြောင့် စိတ်ဓာတ်ကျခဲ့ရတဲ့ အမှတ်တရကို ရင်ဖွင့်ပြောပြလာပါတယ်။ သူမနဲ့ ဘဝတူ မိန်းကလေးတွေကိုလည်း ကိုယ်ချင်းစာတယ် လို့ ဆိုပါတယ်။

Photo: RBV



သရုပ်ဆောင် ပိုင်ဖြိုးသုက သူမအသက် ၁၆ နှစ်ဝန်းကျင်မှာ စိတ်မကောင်းဖြစ်ခဲ့ရတဲ့ကိစ္စကို ပြောပြထားတာ တွေ့ရပါတယ်။ အဲဒီအချိန်က သူမရဲ့ မျက်နှာပေါ်မှာ အပ်ချစရာနေရာ မရှိလောက်အောင်ကို ဝက်ခြံတွေ ပေါက်ခဲ့တာပါတဲ့။

‘’သုသုအသက် (၁၆)နှစ်လောက်က ဝက်ခြံတွေအရမ်းကို ပေါက်ခဲ့တာပါ။ မျက်နှာကြီးတစ်ခုလုံး အပ်ချစရာနေရာမရှိအောင် ကိုယ့်ဖာသာကိုယ်မှန်တောင်မကြည့်ချင်လောက်အောင်ဖြစ်ခဲ့ရတယ်။ စိတ်ဓာတ်တွေလည်းအရမ်းကျခဲ့ရ တယ်။ ဆရာဝန်တွေအမျိုးမျိုးပြောင်းပြ၊ ဆေးတွေမျိုးစုံစား၊ ဝက်ခြံပျောက်ဆေးတွေအသောက်ကောင်းလို့ ဓါတ်မတည့်ဖြစ်ပြီး ဆေးရုံတောင်ရောက်သွားခဲ့ဖူးတယ်။ အသက်၂၀ နောက်ပိုင်းမှာတော့ဝက်ခြံတွေသက်သာသွားခဲ့ပေမယ့် ဝက်ခြံကြောင့်ဖြစ်တဲ့အမာရွ တ်တွေကျန်ခဲ့ပါတယ်။ အဲဒီအမာရွတ်တွေကိုပျောက်ဖို့အမျိုးစုံ ကြိုးစားသော်လည်း သက်သာရုံသာသက်သာပါတယ်။ အထူးသဖြင့် အလုပ်မှာစိတ်ဖိစီးမှုတွေအရမ်းများ အိပ်ရေးတွေပျက်ရင် အသားအရည်ကပိုဆိုးပါတယ်။ ပြစ်မျိုးမှဲ့မထင်အသားရည်ပိုင်ရှင်မိန်းကလေးတွေတွေ့ရင်လည်း သေလောက်အောင်အားကျပါတယ်’’ လို့ သူက ဆိုပါတယ်။

Photo: RBV

အခုချိန်မှာတော့ သူမလိုပဲ ဝက်ခြံ၊ အမာရွတ်တွေကြောင့် ဝေဖန်ပြောဆိုခံရတဲ့ မိန်းကလေးတွေကိုလည်း ကိုယ်ချင်းစာတယ်လို့ ပိုင်ဖြိုးသုက ဧပြီလ ၇ ရက်နေ့ ည ၇ နာရီ ၅၂ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာရင်ဖွင့်ပြောပြခဲ့ပါတယ်။

‘’ဘဝတူအမာရွတ်နဲ့မိန်းကလေးတွေတွေ့ရင်လည်း အရမ်းကိုယ်ချင်းစာမိလို့ ဘယ်တော့မှစိတ်ဓါတ်ကျစေမယ့် စကားမပြောပါဘူး။ "ဟယ်....နင့်မျက်နှာကြီးဘာဖြစ်သွားတာလဲ" "မျက်နှာအသားအရည်ကလဲညံ့လှချည်လား" " မင်းသမီးဖြစ်ပြီး skin care တောင်မလုပ်တာအပျင်းကြီးလှချည်လား" "ချွေးပေါက်ကြီးတွေကျ ယ်နေတာရုပ်ဆိုးလိုက်တာ" " သူ့မျက်ခွက်ကြီးအဲ့လိုဖြစ်နေတာမရှက်ဖူးလားမသိဘူး" အစရှိတဲ့ ချိုးနှိမ်တဲ့စကားတွေ comment တွေဟာ မိန်းမတစ်ယောက်ကို ဘယ်လောက်ထိစိတ်ဒဏ်ရာ ရစေတယ်ဆိုတာ ကိုယ်တိုင်ကြုံတွေ့ဖူး ပြောခံရဖူးမှ ကိုယ်ချင်းစာ နားလည်ပေးနိုင်မှာပါ။ မလှချင်တဲ့မိန်းကလေးရယ်လို့တော့မရှိပါဘူး’’ လို့ ဆိုပါတယ်။

Photo: Paing Phyo Thu

ဒီဘဝမှာ နာကျင်မှုတွေရှိပေမယ့် နောင်ဘဝမှာ ပြီးပြည့်စုံတဲ့ မိန်းကလေး ဖြစ်ချင်တယ်လို့ ပိုင်ဖြိုးသုက သူမရဲ့ဆန္ဒကို အခုလို ပြောပြထားပါသေးတယ်။

‘’ပိုင်ဖြိုးသုဆိုတဲ့ ကျွန်မမှာ စိတ်ဒဏ်ရာဒဏ်ချက်ပေါင်းများစွာရှိသလို မျက်နှာမှာလည်းဒဏ်ရာပေါင်းများစွာရှိတဲ့ လူသာမန်တစ်ယောက်သာဖြစ်ပါတယ်။ ဒီဘဝမှာ သူတစ်ပါးကိုဘယ်တော့မှ ကိုယ့်ကြောင့်စိတ်ဒဏ်ရာရအောင် နာကျင်ရအောင် မပြောဖူးတဲ့အကျိုးကြောင့် နောင်ဘဝမှာတော့ ပြီးပြည့်စုံတဲ့မိန်းကလေးတစ်ယောက် ဖြစ်ခွင့်ရချင်မိပါရဲ့’’ လို့ ဆက်လက်ရေးသားထားပါတယ်။

Photo: RBV

ပိုင်ဖြိုးသုဟာ အနုပညာပျိုးခင်း(၂)ရဲ့ စင်တင်မင်းသမီးချောလေး တစ်ယောက်ဖြစ်ပါတယ်။ သူမဟာလက်ရှိအောင်မြင်နေတဲ့ ထိပ်တန်းမင်းသမီးတွေထဲက တစ်ဦးအပါအဝင်လည်းဖြစ်ပါတယ်။ ပိုင်ဖြိုးသုဟာ ‘’သရဲမ၊ ဘီလူးမ နဲ့ မိန်းမပျို’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ၂၀၁၇ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုကို ရရှိပိုင်ဆိုင်ထားသူပါ။

အခုဆိုရင်လည်း ခင်ပွန်းဖြစ်သူ ဒါရိုက်တာ ဏကြီးနဲ့ အတူ အနုပညာအလုပ်တွေ လုပ်ဆောင်နေတာကို တွေ့ရပါတယ်။ သူမဟာ မီရုပ်ရှင်ဇာတ်ကားကြီးနဲ့လည်း Star Awards က ချီးမြှင့်တဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိထားပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ



က္က