အရမ်းရယ်ရတဲ့ ဟာသကားလေးပါ

ဒီနေ့ မေလ (၂၅) ရက် ရုံတင်တဲ့ မေတ္တာထားတာ အဟုတ်ကိုပဲ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ကြည့်ဖြစ်ပါတယ်။ အတင်းကြီး ကလိထိုး ရယ်ခိုင်းတဲ့ဟာသကွက်တွေမပါဘဲ ကြည့်ကောင်းတဲ့ ဒီရုပ်ရှင်ကားလေးအကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်။ သွားကြည့်မယ့်သူတွေအတွက် Spoil မဖြစ်ရအောင် ဇာတ်လမ်းကြောရိုးနဲ့ Review ကိုပဲ ရေးပေးလိုက်ပါတယ်နော်။



 

မန္တလေးမှာနေထိုင်ကြတဲ့ ဦးစိန်ဝင်းအောင်(လူမင်း) နဲ့ ဒေါ်ခင်သန်းနွဲ့(မေသန်းနု) တို့မှာ ဉာဏ်ထက်အောင်(အောင်မင်းခန့်)ဆိုတဲ့ သားတစ်ယောက်ရှိပါတယ်။ သားဖြစ်သူနဲ့အတူ အမွှေဂယက်ပေါင်းများစွာ လိုက်လုပ်တတ်တဲ့ သူက ဒေါ်ခင်သန်းနွဲ့ရဲ့ တူ ပြုံးချို(ဗေလုဝ)။ ဦးစိန်ဝင်းအောင်ရဲ့ ညီမ အပျိုကြီး နီလာအောင်(ခ) နီနီ(ခိုင်သင်းကြည်) ကလည်း သူတို့နဲ့ အတူတူနေထိုင်ကြပါတယ်။ ဒီအိမ်ရဲ့ မိသားစုတာဝန်တွေကိုတော့ ဒေါ်ခင်သန်းနွဲ့ကပဲ ဦးဆောငရတယ်။

 

ဒေါ်ခင်သန်းနွဲ့နဲ့ နီနီတို့ သမီးယောင်းမ နှစ်ယောက်က ဉာဏ်ထက်အောင်ကို အရမ်းအိမ်ထောင်ကျစေချင်ကြတာ။ ဘယ်လောက်တောင် အိမ်ထောင်ကျစေချင်သလည်းဆိုရင် သမီးတွေရှိတဲ့ မိတ်ဆွေအပေါင်းအသင်းတွေဆီ ဆက်သွယ်ပြီး ချွေးမလောင်းရှာပုံတော် ဖွင့်တဲ့အထိပဲ ဉာဏ်ထက်အောင်က  မိန်းမ မလိုချင်တဲ့သူဆိုတော့ ဖခင်ရယ်၊ အစ်ကိုဝမ်းကွဲရယ်ကို တိုင်ပင်ပြီး ပုံစံအမျိုးမျိုးပြောင်းပြီး ဖျက်လိုဖျက်ဆီးတွေလုပ်ကြတာပေါ့။

 

ဉာဏ်ထက်အောင်တစ်ယောက် မိန်းမလည်းမလိုချင်၊ မိခင်နဲ့ အဒေါ်ကလည်း သူ့အတွက် ဇနီးလောင်းကို တစ်ယောက်ပြီးတစ်ယောက် လက်မလျှော့ဘဲ ရှာပေးနေတာကိုကြည့်ပြီး စိတ်ဓာတ်ကျနေတာပေါ့။ အိမ်ထောင်ဘက်နဲ့ တွေ့တိုင်း သူ့ကိုယ်သူ ရောဂါသည် ပိုလီယို၊ မျက်မမြင်၊ စကားမပြောတတ်၊ ကလိမ်ကကျစ် လို ပုံစံတွေနဲ့ လုပ်ပြတယ်။

 

လက်မလျှော့ဘဲ အိမ်ထောက်ဘက်ရှာပေးကြနေကြတဲ့ မိခင်နဲ့ အဒေါ်ဖြစ်သူတို့ရဲ့ နောက်ဆုံးအကြိမ်ရှာဖွေပေးလိုက်တဲ့ မေသံစဉ် (ဝင့်ယမုံနိုင်) ကိုတော့ ဉာဏ်ထက်အောင်တစ်ယောက် အပီအပြင်ကြွေသွားခဲ့ပါတယ်။ ဦးခင်မောင်ဦး(ဖြိုးငွေစိုး)ရဲ့ တူမ မေသံစဉ်ကလည်း ဉာဏ်ထက်အောင်ရဲ့ အချစ်ကို လက်ခံလိုက်တယ်။ ဒါပေမဲ့ ဇာတ်လမ်းက အခုမှစတာပါ။ ဇာတ်လမ်းတစ် ခုလုံးမှာ မဖော်ပြခဲ့သေးတဲ့ လှည့်ကွက်လေးတွေက စိတ်ဝင်စားစရာမို့ ရုပ်ရှင်ရုံမှာ ကြည့်ရှုလိုက်ပါနော်။

ပရိသတ်ရင်ထဲထိ ရောက်ရှိအောင် စွမ်းဆောင်နိုင်တဲ့ ဥပါဒါန်ရုပ်ရှင်ဇာတ်ကား

ဒီကားရဲ့ ထူးခြားချက်က ယနေ့ခေတ် ကြည့်ဖူးနေကျ ဟာသကားတွေလိုမဟုတ်ဘဲ သဘာဝကျကျ သရုပ်ဆောင်ကာ ရယ်စရာစကားလေးတွေနဲ့ ဆွဲခေါ်သွားတာပါပဲ။ တင်ဆက်ပုံက အရင်ခေတ်က ဟာသကားတွေပုံစံဖြစ်နေလို့ ကြည့်လိုက်တော့ မူရင်းစာရေးသူက အားလုံးသိကြတဲ့` နာမည်ကျော် သရုပ်ဆောင်၊ အဆိုတော်၊ စာရေးဆရာ သန်းဖေလေးပါတဲ့။

မေတ္တာထားတာ အဟုတ်ကိုပဲ ရုပ်ရှင်ဇာတ်ကားကြီးကို အကယ်ဒမီဒါရိုက်တာ ထွန်းအောင်ဇော်က ရိုက်ကူးပုံဖော်ထားပြီး သရုပ်ဆောင် လူမင်း၊ ဖြိုးငွေစိုး၊ ဗေလုဝ၊ အောင်မင်းခန့်၊ မေသန်းနု၊ ခိုင်သင်းကြည် နဲ့ ဝင့်ယမုံနိုင်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

Photo: ပန်းသခင်ရုပ်ရှင်ထုတ်လုပ်ရေး


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က