တရုတ်မှာ ရုံတင်ခြင်း မရှိသေးပေမဲ့ Joker က ကမ္ဘာတစ်ဝှမ်း ရုံဝင်ကြေး ဒေါ်လာ ၁ ဘီလီယံ ကျော်လွန်ရရှိခဲ့ပါတယ်။
Ko John

ကာတွန်းရုပ်ပြစာအုပ်ကို ရုပ်ရှင်အဖြစ် ပုံဖော်ရိုက်ကူးထားတဲ့ Joker ဇာတ်ကားက ကမ္ဘာတစ်ဝှမ်းရုံဝင်ကြေး အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ကျော်လွန်ရရှိတဲ့ ပထမဆုံး R အဆင့်သတ်မှတ်ထားတဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်လာပါတယ်။

(Photo: Warner Bros.)

အမေရိကန်မှာ ရုပ်ရှင်ဇာတ်ကားတွေကို G, PG, PG-13, R, NC-17 လို့ အဆင့်များ ခွဲခြားသတ်မှတ်ထားပြီး R (R-rated) အဆင့်သတ်မှတ်ထားတဲ့ ရုပ်ရှင်ကို အသက် ၁၇ နှစ်အောက်အရွယ်တွေ ကြည့်ရှုပါက မိဘ သို့မဟုတ် အရွယ်ရောက်ပြီး အုပ်ထိန်းသူနဲ့အတူ ကြည့်ရှုရမှာ ဖြစ်ပါတယ်။

Joker ဟာ သမိုင်းတစ်လျှောက် ကာတွန်းရုပ်ပြတွေကို ရုပ်ရှင်အဖြစ် ရိုက်ကူးခဲ့တဲ့ ဇာတ်ကားတွေအနက် အမြတ်အစွန် အများဆုံးရရှိတဲ့ ဇာတ်ကားအဖြစ်လည်း ယခုလအစောပိုင်းမှာ စံချိန်တင်ခဲ့ပါသေးတယ်။ တရုတ်နိုင်ငံမှာ ရုံတင်ပြသခြင်း မရှိသေးပေမဲ့ Joker က ကမ္ဘာတစ်ဝှမ်း ရုံဝင်ကြေး ဒေါ်လာ ၁ ဘီလီယံကို ကျော်လွန်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

(Joker အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသားဂျိုအာကွင်းဖီးနစ်) (Photo: EOnline)

R အဆင့်သတ်မှတ်ထားတဲ့ ရုပ်ရှင်ဇာတ်ကားများအနက် Joker ပြီးပါက ၂၀၁၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Deadpool 2 က ဒေါ်လာ ၇၈၅ သန်းဖြင့် ဒုတိယနေရာမှလည်းကောင်း၊ ၂၀၁၆ ခုနှစ်မှာ ရုံတင်ပြသခဲ့တဲ့ Deadpool က ဒေါ်လာ ၇၈၃ သန်းဖြင့် တတိယနေရာမှလည်းကောင်း ရပ်တည်နေပါတယ်။

Joker ဇာတ်ကားဟာ အမေရိကန်မှာတော့ သီတင်းပတ်ကုန်ရက်များရုံဝင်ကြေးအများဆုံး နံပါတ် ၈ နေရာမှာ လက်ရှိ ရပ်တည်နေပါတယ်။ အမေရိကန်မှာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ရုံဝင်ကြေးအများဆုံးအဖြစ် ရပ်တည်ခဲ့တဲ့ ဇာတ်ကားကတော့ Ford v Ferrari ဖြစ်ပြီး ဒေါ်လာ ၃၁ သန်းကျော် ရရှိခဲ့ပါတယ်။

(Photo: Warner Bros.)

ဒုတိယကမ္ဘာစစ်နောက်ခံ ဇာတ်ကား Midway က အမေရိကန် Box Office ရဲ့ နံပါတ်နှစ်နေရာမှာ ရပ်တည်နေပြီး ရုံဝင်ကြေး ဒေါ်လာ ၈.၈ သန်းရရှိခဲ့ပါတယ်။ အသစ်ထွက်ရှိလာတဲ့ Charlies's Angels ဇာတ်ကားကတော့ နံပါတ်သုံးနေရာမှာ ဒေါ်လာ ၈ သန်းကျော်ဖြင့် ရပ်တည်နေတာ တွေ့ရပါတယ်။ ၂၀၁၉ ခုနှစ်အတွင်း ရုံတင်ပြသခဲ့ပြီး ကမ္ဘာတစ်ဝှမ်းရုံဝင်ကြေး ဒေါ်လာ ၁ ဘီလီယံ ကျော်လွန်ရရှိခဲ့တဲ့ ဇာတ်ကားတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

၁။ Avengers: Endgame (ဒေါ်လာ ၂.၇၉ ဘီလီယံ)

၂။ The Lion King (ဒေါ်လာ ၁.၆၅ ဘီလီယံ)

၃။ Spider-Man: Far From Home (ဒေါ်လာ ၁.၁၃ ဘီလီယံ)

၄။ Captain Marvel (ဒေါ်လာ ၁.၀၉ ဘီလီယံ)

၅။ Toy Story 4 (ဒေါ်လာ ၁.၀၇ ဘီလီယံ)

၆။ Aladdin (ဒေါ်လာ ၁.၀၅ ဘီလီယံ)

၇။ Joker (ဒေါ်လာ ၁ ဘီလီယံ)

Source: Warner Bros., Forbes, BBC, Wikipedia



ဆက်စပ်အကြောင်းအရာများ


က္က