loading...

loading...

loading...

ကိုရီးယား ရုပ်ရှင်ကားတစ်ကားကို အော်စကာသမိုင်းမှာ မပေးဖူးတဲ့ ဆုကြီးတစ်ဆုကို ပေးအပ်ခဲ့ပါတယ်။
Kyi Tha Maung

၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီ ၉ ရက်နေ့ ညနေပိုင်း (မြန်မာစံတော်ချိန် ၁၀ ရက်နေ့ မနက်ပိုင်း) မှာ အစဉ်အလာကြီးမားတဲ့ ၉၂ ကြိမ်မြောက် အမေရိကန်အကယ်ဒမီရုပ်ရှင်ဆုပေးပွဲကို ကျင်းပခဲ့ပါတယ်။ ဒီပွဲမှာ ထူးထူးခြားခြား စံချိန်သစ်တွေ တင်မှုတွေ ရှိခဲ့ပြီး အော်စကာသမိုင်းမှာ သမိုင်းတွင်စရာ ဆုတွေလည်း ရှိနေခဲ့ပါတယ်။

အော်စကာသမိုင်းကို ကိုင်လှုပ်လိုက်တဲ့ Parasite

ဒီပွဲမှာ ၂၀၁၉ ခုနှစ်အတွင်း နိုင်ငံတကာရုပ်ရှင်ဈေးကွက်ကို ထိုးဖောက်နိုင်ခဲ့တဲ့ တောင်ကိုရီးယားရုပ်ရှင်ကား “Parasite” ဟာ စုစုပေါင်း အော်စကာလေးဆုထိ ရရှိခဲ့သလို အော်စကာဆုသမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် နိုင်ငံခြားဘာသာစကားပြောရုပ်ရှင်အနေနဲ့ အကောင်းဆုံးရုပ်ရှင်ဆု ကိုပါ ရရှိခဲ့ပါတယ်။

         “Parasite” ကို ဒါရိုက်တာ Bong Joon-ho က မူရင်းဇာတ်လမ်း၊ ပူးတွဲဇာတ်ညွှန်းနဲ့ ဒါရိုက်တာအဖြစ် ရိုက်ကူးထုတ်လုပ်ခဲ့တာဖြစ်ပြီး ၂၀၁၉ ခုနှစ်အတွင်းမှာ လူပြောအများဆုံးရုပ်ရှင်ကားဖြစ်လို့ အခုနှစ်အော်စကာဆုပေးပွဲမှာ “အကောင်းဆုံးနိုင်ငံခြားဘာသာစကားပြောရုပ်ရှင်ဆု” ကိုရရှိလိမ့်မယ်ဆိုတာ တော်တော်များများက မှန်းဆနိုင်ခဲ့ကြပေမယ့် တကယ်တမ်းမှာတော့ အထက်ပါဆုအပြင်ကို တစ်နှစ်တာအတွင်း ဟောလိဝုဒ်မြေပေါ် ဖြန့်ကျက်ခဲ့တဲ့ ရုပ်ရှင်ကားတွေအနက် အကောင်းဆုံးရုပ်ရှင်ကားတစ်ကားအဖြစ် သတ်မှတ်ပြီးပေးတဲ့ “အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆု” ကိုပါ ရရှိခဲ့တာကြောင့် ပိုပြီး အံ့သြခဲ့ရတာပါ။

“Parasite” ဟာ ၂၀၁၉ ခုနှစ်အတွက် အကောင်းဆုံးနိုင်ငံခြားရုပ်ရှင်ဆုကို ရရှိခဲ့ရာမှာ သူ့ရဲ့အောင်မြင်မှုကိုကြည့်ရင် သိပ်ပြီးစောဒကတက်စရာမရှိပေမယ့် သမိုင်းတွင်စေမယ့် အကောင်းဆုံးရုပ်ရှင်အော်စကာကိုပါ ရရှိခဲ့တာကတော့ ရုပ်ရှင်ဝါသနာရှင်တွေအတွက် တကယ်အံ့အားသင့်စရာပါပဲ။ ဒီဆုအတွက် Ford vs Ferrari, The Irishman, Jojo Rabbit, Joker, Little Women, Marriage Story, 1917, Once Upon a Time in Hollywood တို့လို အကျော်အမော်ဇာတ်ကားကြီးတွေနဲ့ ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး Joker ကလွဲလို့ ကျန်တဲ့ကားတွေကို ဒီဆုအတွက် ပိုမျှော်မှန်းထားမိတာ အမှန်ပါ။

ဒါပေမယ့် Bong Joon-ho ရဲ့ Parasite ရုပ်ရှင်က ၂၀၂၀ အော်စကာဆုပေးပွဲမှာ ရုပ်ရှင်ဇာတ်ကားဆု သမိုင်းသစ်ကို ရေးထိုးခဲ့တဲ့အပြင် ဒါရိုက်တာဆု၊ ရုပ်ရှင်ဇာတ်ညွှန်းဆု (မူရင်း)၊ နိုင်ငံခြားဘာသာစကားပြောရုပ်ရှင်ဆု ဆိုပြီး စုစုပေါင်း လေးဆုအထိ ဆွတ်ခူးနိုင်ခဲ့တာမို့ ဒီကားရဲ့ အရည်အချင်းဟာ ဆုပေးသူတွေရဲ့ အကဲဖြတ်စံညွှန်းတွေနဲ့ ကိုက်ညီနေတယ် ဆိုတာ သံသယရှိစရာမလိုပါဘူး။ ဖန်တီးသူလို့ သမုတ်နိုင်တဲ့ Bong Joon-ho ကိုလည်း ၂၀၁၉ ခုနှစ်ရဲ့ အကောင်းဆုံး အနုပညာရှင်တစ်ယောက်လို့ သတ်မှတ်ရတော့မှာပါ။

အွန်လိုင်းရုပ်ရှင်ပလက်ဖောင်းတွေ နေရာရလာမှု

အခုနှစ်ထဲမှာ နောက်ထပ်ထူးခြားချက်ကတော့ အွန်လိုင်းရုပ်ရှင်ပလက်ဖောင်းဖြစ်တဲ့ Netflix ကနေ ကိုယ်တိုင်ထုတ်လုပ်လာတဲ့ ဇာတ်ကားများဖြစ်တဲ့ The Irishman, Marriage Story နဲ့ အန်နီမေးရှင်းကား Klaus တို့ဟာ ရုံတင်ရုပ်ရှင်ကားတွေအကြားမှာ အခန့်သားနေရာယူလာတာပါ။ ဒါဟာ Streaming လုပ်ငန်းတွေဟာ ဖျော်ဖြေရေးဈေးကွက်မှာ ဘယ်လောက်တောင်နေရာရလာပြီလဲ ဆိုတာကို ဖော်ပြနေပါတယ်။

တော်တော်များများကလည်း ဒီကားတွေကို အော်စကာပွဲမှာ ပွဲလယ်တင့်မယ်လို့ ခန့်မှန်းခဲ့ကြပြီး အကောင်းဆုံးရုပ်ရှင်၊ အဓိကသရုပ်ဆောင် စသဖြင့် နေရာစုံမှာ ဆန်ခါတင်စာရင်းအသီးသီးဝင်နေခဲ့တာပါ။ တကယ်တမ်းလည်း Marriage Story မှာ ဇာတ်ပို့သရုပ်ဆောင်နေရာက ပါဝင်ခဲ့တဲ့ Laura Dern ဟာ အကောင်းဆုံးဇာတ်ပို့အမျိုးသမီးဆု ကိုရရှိခဲ့ပါတယ်။

The Irishman နဲ့ Marriage Story ပရိသတ်တွေအတွက်တော့ အားမရဖြစ်ကောင်းဖြစ်နိုင်ပေမယ့် Streaming ပလက်ဖောင်းတစ်ခုက ထုတ်လုပ်လာတဲ့ ဇာတ်ကားတစ်ကားဟာ ရုံတင်ကားတွေနဲ့အပြိုင် အော်စကာဆု ရရှိခဲ့ခြင်းဟာ နောက်လာမယ့်နှစ်တွေမှာ Streaming ပလက်ဖောင်းတွေကို ရုပ်ရှင်ကားကောင်းတွေ ပိုမိုထုတ်လုပ်ဖို့ တွန်းအားတစ်ခု ဖြစ်လာနိုင်သလို သရုပ်ဆောင်တွေအနေနဲ့လည်း ပိုပြီးအာရုံစိုက်လာနိုင်ပါတယ်။

အကောင်းဆုံး ဇာတ်ကားဆု နှစ်ဆုရ အန်နီမေးရှင်းစီးရီးဖြစ်လာတဲ့ Toy Story

စိတ်မကောင်းစရာကတော့ Klaus ဟာ “Animated Film” ဆုနဲ့လွဲခဲ့ပြီး “Toy Story 4” က ရရှိခဲ့တာပါ။ “Klaus” ကို Netflix မှာ ၂၀၁၉ ခရစ္စမတ်ကာလအတွက် Family Movie တစ်ခုအနေနဲ့ ထုတ်လွှင့်ပြသခဲ့ပြီး ဆယ်စုနှစ်တစ်ခုအတွင်း အကောင်းဆုံး ခရစ္စမတ်ရုပ်ရှင်ကားတစ်ကားလို့ ယူဆမိလို့ပါ။ ရုပ်ရှင်ထုတ်လုပ်သူတိုင်း ခရစ္စမတ်ကာလရောက်ရင် ရာသီစာအနေနဲ့ Family Movie တွေ ရိုက်ကူးထုတ်လုပ်လေ့ရှိပေမယ့် “Klaus” ကတော့ ကျွန်တော်တို့ မတွေ့ရတာကြာတဲ့ သီးသန့်ထူးခြားပြီး ချက်ချင်း Classic တန်းဝင်လောက်တဲ့ ခရစ္စမတ်ဇာတ်ကားတစ်ခုဖြစ်ခဲ့ပါတယ်။

“Toy Story 4” ကတော့ ၂၀၁၉ ရဲ့အကောင်းဆုံးကာတွန်း/အန်နီမေးရှင်းရုပ်ရှင်ဆု (Best Animated Feature Film) ကို ရရှိခဲ့ပါတယ်။ Toy Story ပထမဆုံးကားကို ၂၀၀၁ ခုနှစ်မှာ စတင်ခဲ့ပြီးနောက် ကျွန်တော်တို့ ကလေးဘဝရဲ့ အကြိုက်ဆုံး Franchise တွေထဲကတစ်ခု အဖြစ် ရှိနေခဲ့တာကြာပါပြီ။

Toy Story 3 ဟာ ၂၀၁၀ ခုနှစ်အတွက် အကောင်းဆုံးအန်နီမေးရှင်းကား အပါအဝင် အော်စကာနှစ်ဆုရရှိခဲ့ပြီး Franchise ထဲမှာ ပထမဆုံး အော်စကာရခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ Toy Story 4 က အခုလိုဆုထပ်ရသွားတဲ့အတွက် အန်နီမေးရှင်းကားတွေထဲမှာ ပထမဆုံးအကြိမ်အဖြစ် စီးရီးတစ်ခုထဲကနေ အကောင်းဆုံးဇာတ်ကားဆု နှစ်ခါ ရရှိခဲ့တဲ့ စံချိန်ကိုပါ အော်စကာသမိုင်းတလျှောက်မှာ ပထမဆုံးအဖြစ် ရေးထိုးနိုင်ခဲ့ပြန်ပါတယ်။

ဒုတိယအကြိမ် အကယ်ဒမီဆု ရရှိတဲ့ Joker

နောက်ထပ်စံချိန်တစ်ခုကတော့ သိပ်အံ့သြစရာမရှိတဲ့ Joaquin Phoenix ရဲ့ “Joker” ဇာတ်ကားနဲ့ အကောင်းဆုံးမင်းသားဆု (Leading Actor) ကိုရရှိခဲ့တာပါပဲ။ “Joker” ဟာ ဒီစီကောမစ်ရဲ့ အလွန်လူကြိုက်များတဲ့ ကောမစ်စာအုပ် ကာရိုက်တာကို အခြေခံထားတာဖြစ်ပြီး Batman ဇာတ်ကားတိုင်းလိုလိုမှာ အဓိကစူပါဟီးရိုး Batman လောက်ကို လူကြိုက်များကြတဲ့ ဇာတ်ကောင်ဖြစ်ပါတယ်။ ဒါ့အပြင် နောက်ခံဂီတဆုတစ်ခုကိုပါ ရရှိခဲ့တာကြောင့် အော်စကာနှစ်ဆု ဆွတ်ခူးခဲ့တာပါ။

၂၀၁၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “Joker” ဇာတ်ကားကို ဒါရိုက်တာ Todd Phillips က ရိုက်ကူးပြီး အဓိကဇာတ်ကောင် နေရာမှ ဝါရင့်မင်းသား Joaquin Phoenix က သရုပ်ဆောင်ထားတာပါ။ ဒီကားကို ရုံထဲမှာကြည့်မိတည်းက မျက်နှာတင်မဟုတ်ဘဲ ခန္ဓာကိုယ်တစ်ခုလုံးနဲ့ သရုပ်ဆောင်ခဲ့တဲ့ Joaquin Phoenix ဟာ အခုနှစ်အော်စကာဆုအတွက် အကောင်းဆုံးစိန်ခေါ်သူတစ်ယောက်ပဲ ဆိုတာ ရှင်းလင်းပါတယ်။

Joker 2019 (Joaquin Phoenix) နဲ့ Joker 2009 (Heath Ledger)

အခုလို Leading Actor အဖြစ် ဆုရသွားတာကြောင့် ကောမစ်စာအုပ်ဇာတ်ကောင်ကို အခြေခံတဲ့ ရုပ်ရှင်သရုပ်ဆောင်ဆုကို ရရှိတာဟာ ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်ကလည်း ၂၀၀၉ ခုနှစ်က The Dark Knight ရုပ်ရှင်ထဲမှာ Joker အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Heath Ledger ပဲဖြစ်နေတာက ထူးခြားချက်ဖြစ်ပါတယ်။ ပြောရရင် ကောမစ်ဇာတ်ကောင်တစ်ယောက်တည်းက ပထမဆုံးအကြိမ်ရော ဒုတိယအကြိမ်ပါ အော်စကာရရှိခဲ့တာပါပဲ။

နာမည်ကျော်စူပါဟီးရိုး Batman ရဲ့ အဓိကရန်သူတော် The Joker ဟာ ငွေရောင်ပိတ်ကားပြင်ပေါ် တက်လာတိုင်း သူ့ရဲ့ထူးခြားတဲ့ စိတ်နေစိတ်ထားကို ပီပြင်စွာသရုပ်ဖော်နိုင်တဲ့ သရုပ်ဆောင်ဟာ အော်စကာရဖို့ ကြိုတင်ခန့်မှန်းခံရလေ့ရှိပါတယ်။ ၁၉၉၀ ခုနှစ် “Batman” ရုပ်ရှင်ထဲက Jack Nicholson ရဲ့ Joker ဇာတ်ကောင်လည်း အော်စကာဆု ဆန်ခါတင်စာရင်းထဲ ပါဝင်ခဲ့ဖူးပါတယ်။

ယခုနှစ် အော်စကာဆုပေးပွဲက ပေးတဲ့ Message

၂၀၂၀ နှစ်စမှာ ကျင်းပသွားတဲ့ ၉၂ ကြိမ်မြောက် အော်စကာဆုပေးပွဲဟာ အရင်နှစ်တွေနဲ့ မတူဘဲ ပထမဆုံးအကြိမ် ဆိုတဲ့ စံချိန်ပေါင်းမြောက်များစွာကို ရရှိသွားခဲ့ပါပြီ။ “Parasite” ရဲ့အောင်ပွဲဟာ ဒရာမာစီးရီးများနဲ့သာ လူကြိုက်များနေသလို ဖြစ်နေတဲ့ ကိုရီးယားရုပ်ရှင်လောကမှာ ထိပ်တန်းရုပ်ရှင်တွေရှိနေသေးကြောင်း အသိပေးလိုက်တာဖြစ်သလို၊ ဟောလိဝုဒ်နယ်မြေကို ဘယ်သူမဆို သိမ်းပိုက်နိုင်ကြောင်း အချက်ပေးလိုက်တာဆိုလည်း မမှားပါဘူး။ Marriage Story က ရရှိခဲ့တာကတော့ Online Streaming ပလက်ဖောင်းတွေက ရုပ်ရှင်ကားတွေလည်း အဓိကအော်စကာဆုတွေကို ဆွတ်ခူးနိုင်တယ် ဆိုတဲ့ မီးစိမ်းပြမှုပါပဲ။

၂၀၁၉ ထဲမှာ ရုပ်ရှင်သမိုင်းတလျှောက် ဝင်ငွေအများဆုံးစံချိန်တင်နိုင်ခဲ့တဲ့ “Endgame” ဟာ ဆုကြီးတွေမှာ ဆန်ခါတင်မပါဝင်ခဲ့သလို မိုင်နာဆုတစ်ခုတောင် မရခဲ့တာကတော့ သူ့ရဲ့ကြီးမားတဲ့ဘတ်ဂျက်နဲ့ ဇာတ်အိမ်တို့ဟာ အော်စကာဆုတစ်ခုအတွက် သီးသန့်အံဝင်နေတဲ့ စံချိန်စံညွှန်းမျိုးကို မသွားဘဲ ပရိသတ်ကျေနပ်အောင် ရိုက်ပေးခဲ့တာကြောင့်လို့ ယူဆရပြီး “Joker” ကနေ အဓိကဆုတစ်ခုကို ရရှိခဲ့တာဟာ ဒီကွက်လပ်ကို ပြန်ဖြည့်ပေးလိုက်တာပါပဲ။ ၂၀၁၉ မှာ ထွက်ရှိခဲ့တဲ့ ဇာတ်ကားကောင်းပေါင်း မြောက်များစွာအတွက် စိတ်မကောင်းဖြစ်မိပေမယ့် အကောင်းဆုံးတွေစုသွားတဲ့ နှစ်တစ်နှစ်မှာ အခုလို အဖြေပေါ်ခဲ့တာဟာ စိတ်ကျေနပ်စရာလို့ပဲ ဆိုရမှာပါ။

အော်စကာဆု ၄ ဆုကို သိမ်းပိုက်ခဲ့တဲ့ Parasite အဖွဲ့

၂၀၂၀ အော်စကာဆုပေးပွဲရဲ့ ရလဒ်တွေကတော့

Best Picture  -        Parasite

Best Director  -        Bong Joon-ho (Parasite)

Best Actor     -        Joaquin Phoenix (Joker)

Best Actress   -        Renée Zellweger (Judy)

Best Supporting Actor          -        Brad Pitt (Once Upon A Time In Hollywood)

Best Supporting Actress       -        Laura Dern (Marriage Story)

Best Original Screenplay      -        Parasite

Best Adapted Screenplay      -        Jojo Rabbit

Best Animated Feature Flim  -        Toy Story 4

Best Animated Short Film     -        Hair Love

Best International Feature Film        -        Parasite

Best Documentary Flim        -        American Factory

Best Documentary Short Film -        Learning to Skateboard in a Warzone (If You're a Girl)

Best Live Action Short Flim   -        The Neighbor’s Windows

Best Original Score             -        Joker

Best Original Song              -        I'm Gonna Love Me Again (Rocketman)

Best Sound Editing              -        Ford vs Ferrari

Best Sound Mixing              -        1917

Best Production Design        -        Once Upon A Time In Hollywood

Best Cinematography           -        1917

Best Makeup & Hairstyle      -        Bombshell

Best Costume Design           -        Little Women

Best Film Editing                 -        Ford vs Ferrari

Best Visual Effects              -        1917


Written by Kyitha Maung (Motaku)


loading...

က္က