Thurein Tun
 

ယခုခေတ်မှာတော့ အလုပ်ထဲရောက်တာနဲ့ အွန်လိုင်းဖွင့်ထားတတ်ကြပါတယ်။ ဖေ့စ်ဘွတ်မှာ မီးစိမ်းနေတော့လည်း သူငယ်ချင်း အပေါင်းအသင်းတွေက စကားလာပြောတတ်ပါတယ်။ ဖေ့ဘွတ်ဖွင့်ထားတော့ ဟိုဟိုဒီဒီ လျှောက်ကြည့်တတ်ပါတယ်။ ဝါသနာပါတဲ့ အကြောင်းအရာတွေကို ဝက်ဆိုက်တွေမှာ လေ့လာရင်းနဲ့ အလုပ်မတွင်တော့တာမျိုး ဖြစ်တတ်ပါတယ်။ ဒီလို မဖြစ်စေဖို့ ရှောင်ရမယ့် အချက်လေးတွေ ရှိပါတယ်။

၁ - ကွန်ပျူတာချိန်

အလုပ်ကြောင့်၊ လူမှုရေးကြောင့် စတဲ့အကြောင်းကြောင်းတွေကြောင့် လူတော်တော်များများဟာ ကွန်ပျူတာအသုံးပြုရင်း အွန်လိုင်းပေါ်မှာ ရှိနေဖို့ လိုအပ်တယ်လို့ ထင်တတ်ကြပါတယ်။ တကယ်တော့ ဒါဟာ မမှန်ပါဘူး။ အလုပ်လုပ်ဖို့ တကယ်အွန်လိုင်းအသုံးပြုရတဲ့အချိန်ကို တိတိကျကျ တွက်ကြည့်လိုက်ပါ။ သင်ထင်တာထက် အများကြီးနည်းပါးတာကို တွေ့ရမှာ ဖြစ်ပါတယ်။

 

၂ - စာရင်းပြုပါ

မှတ်စုစာအုပ်လေးတစ်အုပ် ယူပါ။ ကွန်ပျူတာသုံးတာနဲ့ အွန်လိုင်းသုံးပြီး လုပ်ရတဲ့အလုပ်ကို ချရေးပါ၊ ကြာချိန်ကိုမှတ်ထားပါ။ ဒီအခါမှာ ဖေ့စ်ဘွတ်ကြည့်ရင်း အချိန်ကုန်သွားတာမျိုးမဖြစ်ဖို့ သတိတရနဲ့ အလုပ်လုပ်ဖြစ်ပါတယ်။ ဖေ့စ်ဘွတ်သုံးမိတယ်ဆိုရင်လည်း  အချိန်တွေ ဘယ်လောက်ဖြုန်းတီးမိတယ်ဆိုတာကို တွေ့ရပါမယ်။

၃ - နားချိန်

ကွန်ပျူတာသုံးပြီး အလုပ်လုပ်နေတဲ့အချိန်မှာလည်း ခဏနားပေးပါ။  တော်တော်များများက ကျေနပ်လောက်ဖွယ်အလုပ်လုပ်ပြီးတဲ့အခါ ဖေ့စ်ဘွတ်သုံးတာမျိုး လုပ်ကြပါတယ်။ ဒီအခါမှာ အလုပ်နဲ့ ဖေ့စ်ဘွတ် ရောထွေးပြီး အလုပ်မတွင်တော့တာမျိုးဖြစ်တတ်ပါတယ်။ ကျေနပ်တဲ့ အချိန်အတိုင်းတာထိ လုပ်ပြီးတဲ့အခါ ကွန်ပျူတာကနေခွာပြီး လမ်းလျှောက်တာမျိုး၊ ရေထသောက်တာမျိုး လုပ်ပေးသင့်ပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့ ဆောင်းပါး -တစ်နေ့ကို ခြေလှမ်းတစ်ထောင်လျှောက်ရုံနဲ့ မလုံလောက်ပါဘူး )

 

၄ - အင်တာနက်အသုံးကို အစီစဉ်ချ

အင်တာနက် အသုံးကိုလည်း အစီစဉ်ချထားပါ။ အလုပ်လုပ်လို့ အင်တာနက်သုံးရင်းကနေ ဝက်ဆိုက်တွေထဲဝင်ပြီး ပြန်မထွက်တော့တာမျိုး ဖြစ်တတ်ပါတယ်။ ကွန်ပျူတာမဖွင့်ခင်ကတည်းက အွန်လိုင်းအသုံးပြုပြီး လုပ်စရာရှိတာတွေကို တစ်ခါတည်း စဉ်းစားထားပါ။ ဖေ့စ်ဘွတ်မှာ ပို့စ်တင်ချင်တယ်ဆိုရင်လည်း တင်လို့ရပါတယ်။ ဒီလိုတင်ပြီးတာနဲ့ အလုပ်ဆက်လုပ်ဖို့ လိုပါတယ်။ အနည်းဆုံး တစ်နေ့ အွန်လိုင်း ဘယ်လောက်သုံးမယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် အချိန်သတ်မှတ်ထားသင့်ပါတယ်။

 

၅ - အကျိုးသက်ရောက်မှု

အွန်လိုင်းသုံးပြီး ကိုယ်ရေးကိုယ်တာ လုပ်တာဟာ ကြာတဲ့အခါ အချိန်ဆွဲတဲ့အကျင့် ရရှိသွားစေပါတယ်။ လုပ်ငန်းတွေပြီးပေမယ့်လည်း လိုအပ်တာထက် အားပိုစိုက်ရသလို ခံစားရစေပါတယ်။ ဒီ့အတွက် ကွန်ပျူတာမဖွင့်ခင်ကတည်းက ဦးစားပေးလုပ်ရမှာတွကို စဉ်းစားထားပါ။ ဒီဦးစားပေးအလုပ်တွေ ပြီးမှသာ ဖေ့စ်ဘွတ်ဖွင့်တာမျိုး လုပ်သင့်ပါတယ်။

Photos & Source: WikiHow

 


Author


က္က