ယခုနှစ်တက္ကသိုလ်ဝင်တန်းမှာ ထူးချွန်စွာအောင်မြင်ပြီး ဆေးတက္ကသိုလ်၊ ပညာရေးတက္ကသိုလ်နဲ့ နည်းပညာ တက္ကသိုလ်တွေကို တက်ရောက်ဖို့ ငွေကြေးအခက်အခဲရှိသူတွေကို ရှင်သန်ရေးကူညီမှု အသင်းက ပညာသင်ဆုထောက်ပံ့ကြေးပေးအပ်မယ်လို့ သိရပါတယ်။
ဆေးတက္ကသိုလ်တက်ရောက်မယ့် ကျောင်းသား ငါးဦး၊ ပညာရေးတက္ကသိုလ်နဲ့ နည်းပညာတက္ကသိုလ်တက်ရောက်မယ့်ကျောင်းသားငါးဦး စုစုပေါင်း ၁၀ ဦးကို ပညာသင်စရိတ်ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။
"တကယ့်ကိုချို့တဲ့ပြီး ပညာထူးချွန်တဲ့ ကလေးတွေအတွက်ပေါ့၊ ဒီနှစ်မှ စပေးတာဆိုတော့ ဆယ်ယောက်ပဲလျာထားသေးတယ်၊ လျှောက်တဲ့ သူတွေထဲကနေ ပြန်ရွေးပြီးတော့ တကယ်လိုအပ်တဲ့ သူမျိုးကိုရွေးပြီးပေးမယ်၊ နောက်နှစ်တွေမှာတော့ ရန်ပုံငွေအနေအထားပေါ်ကြည့်ပြီး တိုးခေါ်ရင်လဲခေါ်သွားမယ်လို့ ရှင်သန်ရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးထွန်းထွန်းဦးက ပြောထားကြောင်း Kumudra ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။
(သင်စိတ်ဝင်စားနိုင်တဲ့သတင်း - မြန်မာကျောင်းသား ဆယ်ဦးကို ကျပ်သိန်းနှစ်ထောင် ထောက်ပံ့ပေးမယ့် ပညာသင်ဆု)
ပညာရေးထူးချွန်ကာ တက္ကသိုလ်ဆက်လက်တက်ရောက်ဖို့ ငွေကြေးခက်ခဲသူတွေလျှောက်ထားနိုင်ပြီး အမှန်တကယ်ငွေကြေးချို့တဲ့ သူတွေကိုသာ ရွေးချယ်ပေးအပ်မှာဖြစ်တယ်လို့လည်း သိရပါတယ်။
လျှောက်ထားလိုသူတွေအနေနဲ့ မိမိ အမည်၊ မှတ်ပုံတင်အမှတ်၊ တက္ကသိုလ်ဝင်တန်းမှာရရှိတဲ့ အမှတ်စာရင်းမိတ္တူ၊ အမှန်တကယ် ငွေကြေးချို့တဲ့ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူရဲ့ထောက်ခံချက် စတဲ့ အချက်အလက်တွေကို ပူးတွဲလျှောက်ထားရမှာလည်း ဖြစ်ပါတယ်။
စာမေးပွဲကျရှုံးပါက ပညာသင်ထောက်ပံ့ကြေးကို ရပ်ဆိုင်းမှာဖြစ်ပြီး ရွေးချယ်ခံရသူတွေအနေနဲ့ နယ်ဒေသတွေကလာရောက်ရသူဖြစ်ရင် နေထိုင်စရာအဆောင်၊ စားစရိတ်အပြင် ပညာသင်စရိတ်အားလုံးကို ထောက်ပံ့ပေး မှာဖြစ်တယ်လို့ သိရပါတယ်။
နယ်ဒေသတွေက လျှောက်ထားလိုသူတွေအနေနဲ့လိုအပ်တဲ့ စာရွက်စာတမ်းတွေနဲ့အတူ ရှင်သန်ရေးကူညီမှု အသင်းအမှတ် ၂၈၊ ၄၃ လမ်း၊ ဗိုလ်တထောင်မြို့နယ်ကိုလိပ်မူပြီးပေးပို့လျှောက်ထားနိုင်တဲ့အပြင် အသေးစိတ် သိရှိလိုပါက ရှင်သန်ရေးကူညီမှုအသင်း ဖုန်း ဝ၉ ၅၀၁၆၆၁၆ နဲ့ ဝ၉ ၇၇၇ ၈၈၈၄၆၆ ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
Source: Kumudra, မေသော်တာမောင်
Photos: YTU, Wikimedia