အလုပ်နဲ့ပတ်သက်ရင် စိတ်ဖိစီးမှု မရှိဘူးဆိုတာတော့ မဟုတ်ပါဘူး။ ရာထူးကြီးလေလေ၊ အောင်မြင်လေလေ စိတ်ဖိစီးမှုတွေ များလာလေပဲ ဖြစ်ပါတယ်။ ဒီလိုစိတ်ဖိစီးမှုတွေ ရှိလာတဲ့အခါ ပြေပျောက်စေမယ့် အလွယ်နည်းလေး သုံးခုလောက်ပြောပြချင်ပါတယ်။
၁ - လမ်းလျှောက်
၁၅ မိနစ် လမ်းလျှောက်ပါ။ နေ့စဉ်အလုပ်ထဲမှာ ၁၅ မိနစ် လမ်းလျှောက်နားချိန် ၂ ချိန်လောက်ထားပါ။ ဖြစ်နိုင်ရင်တော့ လေကောင်းလေသန့်ရမယ့် နေရာမျိုးကို လမ်းလျှောက်ထွက်တာ ကောင်းပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့ ရုံးထဲက လူရှင်းတဲ့ အခန်းထဲမှာ လျှောက်တာမျိုးလုပ်ပေးပါ။ အဓိကအချက်ကတော့ မတ်တပ်ရပ်ပြီး လှုပ်ရှားမှုရှိသွားဖို့ပါပဲ။ ဒီလိုလုပ်လိုက်ခြင်းဟာ သင်ခန္ဓာကိုယ်ကို တက်ကြွစေရုံမကဘဲ သင့်စိတ်ကိုပါ လှုပ်ရှားစေပါတယ်။ လမ်းလျှောက်ပြီး အလုပ်ပြန်လုပ်တဲ့အခါ လုပ်ရမယ့်အလုပ်တွေကို ဖြေရှင်းဖို့ အသင့်ပါပဲ။
(သင်စိတ်ဝင်စားနိုင်မယ့်ဆောင်းပါး - လျှို့ဝှက်ချစ်သူ ဘယ်လိုထားမလဲ)
၂ - အိပ်ပါ
ညဘက်အိပ်ဖို့က အရေးကြီးပါတယ်။ ညဘက်အိပ်ရာဝင်နောက်ကျတဲ့ အကျင့်မျိုးကို ဘယ်လိုမှ မမွေးမြူသင့်ပါဘူး။ အိပ်ချိန်ဟာ လူတစ်ဦးမှာ နေ့စဉ် ၇ နာရီရှိသင့်တယ်ဆိုပေမယ့် ဘယ်လောက်အိပ်မှ လန်းဆန်းပြီး အလုပ်လုပ်လို့ ကောင်းတယ်ဆိုတာကို သတိထားစောင့်ကြည့်သင့်ပါတယ်။ အလုပ်လုပ်တဲ့အခါ ကဖိန်းဓာတ်ပါတဲ့ အရည်တွေ မသောက်ဘဲ လန်းလန်းဆန်းဆန်းလုပ်နိုင်ဖို့ ဖြစ်ပါတယ်။ ညအိပ်ရာဝင်ခါနီး ဖုန်းသုံးတာ၊ ကော်ဖီသောက်တာတွေကတော့ လုံးဝရှောင်ရမှာပါ။
၃ - နေရာလေးတစ်ခု
နေ့စဉ်ကိုယ့်အတွက် ကိုယ်လုပ်တာမျိုးလည်း ရှိပါစေ။ ဆိုလိုတာကတော့ အလုပ်ပဲ လုပ်နေတာမျိုးက ကြာရင်စိတ်ဖိစီးမှုတွေ ဖြစ်လာပါတယ်။ ချစ်ခင်သူတစ်ဦးဦးဆီ ဖုန်းခေါ်တာမျိုး ဖြစ်ပါတယ်။ ဖုန်းခေါ်တဲ့အခါ အလုပ်အကြောင်းမဟုတ်ဘဲ အခြားအကြောင်းအရာမျိုးလေးတွေ ပြောတာမျိုးက သင့်ကို စိတ်သက်သာရာ ရစေပါတယ်။ အပေါင်းအသင်းတွေနဲ့ တွေ့ရင်လည်းအလုပ်၊ မိသားစုနဲ့တွေ့ရင်လည်း အလုပ်၊ တစ်ယောက်တည်းနေရင်လည်း အလုပ်ဆိုတာမျိုးက ရေရှည်မှာ စိတ်ပိုင်းဆိုင်ရာအရ ထိခိုက်ပါတယ်။ အလုပ်နဲ့မဆိုင်တဲ့ စိတ်ပိုင်းဆိုင်ရာနေရာလေးတစ်ခု သင့်ကိုယ်ထဲမှာ အမြဲဖန်တီးထားသင့်ပါတယ်။ အလုပ်က စိတ်ညစ်ရတဲ့အခါ ခဏတာ စိတ်ပြေပျောက်စေမယ့် နေရာလေး ဖြစ်ပါတယ်။
Photos & Source: Psychology Today