မဟုတ်လည်း အမှိုက်ပုံးထဲလွှင့်ပစ်ရတော့မယ့် ပန်းသီးအူတိုင်တွေ၊ အခွံတွေကိုသုံးပြီး ပန်းသီးရှာလကာရည်လုပ်နည်းလေးကို မသိချင်ကြဘူးလား။


ပန်းသီးရှာလကာရည် (Apple Cyder Vinegar) ဟာနေရာတော်တော်များများမှာအသုံးဝင်ပါတယ်။ သူ့ကို အစားအစာတွေအတွက်သာမက မျက်နှာအရေပြားထိန်းသိမ်းရေးမှာပါ အသုံးပြုလို့ရပါတယ်။ ပန်းသီးရှာလကာရည်ကို ဝက်ခြံထိန်းသိမ်းဖို့၊ အရေပြားပေါ်ကအရေးအကြောင်းတွေကိုကုသဖို့နဲ့ အရေပြားအစိုဓာတ်ထိန်းညှိဖို့ အသုံးပြုကြပါတယ်။ အခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ ပန်းသီးအခွံတွေ၊ ပန်းသီးအူတိုင်တွေကိုသုံးပြီး အိမ်လုပ်ပန်းသီးရှာလကာရည်လုပ်နည်းလေးအကြောင်းပါပဲ။
ပန်းသီးပေါ်ချိန်ဆို ကျွန်တော်တို့အိမ်ရဲ့အချိုပွဲတိုင်းမှာ ပန်းသီးကမပါမဖြစ်ပါပဲ။ ဒီတော့လွှင့်ပစ်လိုက်ရတဲ့ ပန်းသီးအူတိုင်တွေလည်းအများကြီးပါပဲ။ ပန်းသီးအူတိုင်တွေ၊ ပန်းသီးအခွံတွေကို လွှင့်ပစ်စရာမလိုဘဲ ပန်းသီးရှာလကာရည်လုပ်လို့ရတဲ့နည်းလမ်းလေးကိုသိချင်ကြမှာပဲနော်။ ပန်းသီးအူတိုင်တွေအပြင် အညိုရောင်သမ်းနေတဲ့စားလို့မကောင်းတော့တဲ့ပန်းသီးတွေကိုလည်း သုံးလို့ရပါသေးတယ်။ (ပုတ်မနေဖို့တော့ လိုတာပေါ့နော်။)



ပြုလုပ်နည်းကတော့... ပန်းသီးအူတိုင်တွေ၊ ပန်းသီးအခွံတွေနဲ့ ညိုရောင်သမ်းနေတဲ့ပန်းသီးစိတ်တွေကို ရေစင်အောင်ဆေးပြီး ဖန်ပုလင်းတစ်လုံးထဲထည့်ပါ။ ဖန်ပုလင်းရဲ့လေးပုံသုံးပုံလောက်ပဲ ပြည့်အောင်ဖြည့်ပါ။ ပြီးရင် သကြားစားပွဲတင်ဇွန်း (၂)ဇွန်းစာနဲ့ရေ (၂)ခွက်စာကို ဖန်ပုလင်းထဲကိုထည့်ပါ။ ပန်းသီးတွေအားလုံးရေထဲလုံးဝမြုပ်နေဖို့တော့လိုတယ်နော်။ ဘာလို့လဲဆိုတော့ ရေအောက်မြုပ်မနေတဲ့ အပိုင်းတွေမှိုတက်သွားရင် ပန်းသီးရှာလကာရည်ကိုပျက်ဆီးစေနိုင်လို့ပါပဲ။ ပြီးရင်ပန်းသီး၊ သကြားနဲ့ရေကိုသမသွားအောင်မွှေပေးပြီး Coffee Filter (ကော်ဖီဖျော်စက်မှာသုံးတဲ့ပေါင်းခံစက္ကူ) နဲ့ဖန်ပုလင်းအဝကို အုပ်ပြီး သားရေကွင်းတစ်ကွင်းနဲ့စည်းထားပေးလိုက်ပါ။ ပြီးရင် ရေခဲသေတ္တာအပေါ်လို၊ ကြောင်အိမ်အပေါ်လို နွေးထွေးမှောင်မိုက်တဲ့နေရာတစ်နေရာမှာ ဖန်ပုလင်းကို (၂) ပတ်လောက်ကြာအောင်ထားပေးပါ။



(၂) ပတ်ကြာပြီးလို့ ပူစီဖောင်းလေးတွေတက်လာတာကိုမြင်ရပြီဆိုရင်တော့ ပန်းသီးဖတ်တွေကိုထုတ်လိုက်ပါတော့။ ပြီးရင်အထဲက ပန်းသီးရှာလကာရည်ကို ကော်ဖီပေါင်းခံစက္ကူအသစ်တစ်ရွက်နဲ့အုပ်ပြီး သားရေကွင်းနဲ့ ပြန်စည်းထားပေးလိုက်ပါ။ နောက်တစ်ပတ်လောက်ကြာရင် ပန်းသီးရှာလကာရည်အရသာကို စမ်းကြည့်လိုက်ပါ။ ခင်ဗျားနှစ်သက်လောက်တဲ့အရသာကိုမရသေးရင် နောက်တစ်ပတ်လောက် ထပ်သိပ်ထားပေးလိုက်ပါ။ နောက်ဆုံးခင်ဗျားနှစ်သက်တဲ့အရသာအနေအထားကိုရောက်ပြီဆိုရင်တော့ ကော်ဖီပေါင်းခံစက္ကူကိုဖယ်ထုတ်ပြီး ဖန်ပုလင်းအဖုံးနဲ့ပြောင်းလဲပိတ်လို့ရပါပြီ။ ပြီးရင် ရေခဲသေတ္တာထဲထည့်ပြီး လိုအပ်သလိုသုံးစွဲနိုင်ပါပြီ။
 

Source: bloglovin



က္က