ဒေါသတွေထွက်လွန်းလို့ သောင်းကျန်းပစ်လိုက်ချင်စိတ်တောင်ပေါက်လာတယ်....
Su Yee Moe

တစ်ပတ်တာအတွင်း အကြိုက်ဆုံးနေ့ကို ပြောပါဆိုလို့ကတော့ သောကြာနေ့လို့ ဖြေမယ့်လူတွေ များမယ်ထင်တယ်။ ရုပ်ရှင်ကြိုက်တဲ့လူတွေကလည်း ဒီနေ့ကိုကြိုက်ကြတယ်။ ကားအသစ်လဲတာကိုး။ ရုပ်ရှင်ကားတွေကို ရုံမှာသွားကြည့်ရတာကမှ တကယ်မိုက်တာ။ အသံ၊ ရုပ်ထွက်ကို အပြည့်အဝခံစားလို့ရတယ်။ ဒါပေမဲ့ စိတ်တိုစရာကိစ္စတွေဆိုတာလည်း ရုပ်ရှင်ရုံထဲမှာ ရှိနေပြန်ရော....

 

၁။ ဖုန်း

ကိုယ့်ဘေးကလူက တစ်ချိန်လုံး ဖုံးကိုသုံးနေရင် ဖုန်းရဲ့အလင်းရောင်က ကိုယ့်အတွက် အာရုံနောက်စရာပဲ။ ဇာတ်ရှိန်မြင့်နေတုန်း ဖုန်းသံကျယ်ကျယ်ကို ကြားလိုက်ရတာလောက် စိတ်ပျက်စရာကောင်းတာလည်းမရှိတော့ဘူး။ မပြီးနိုင်မစီးနိုင် ဖုန်းပြောနေပြီဆိုလို့ကတော့ ဒေါသတွေ အလိပ်လိုက်ကို ထွက်နေမိတယ်။

၂။ အစားစားသံ

နေကြာစေ့သံ တဖြောက်ဖြောက်က မစားတဲ့လူအတွက်တော့ စိတ်အနှောင့်အယှက်ဖြစ်စရာသက်သက်။ အာလူးကြော်ကို တကြွပ်ကြွပ်ဝါးတာတွေ၊ မုန့်ထုပ်ဖောက်တဲ့ ကြွပ်ကြွပ်အိတ်ရဲ့အသံတွေက နားထဲမှာဆူညံနေရော။

 

၃။ လိုတာထက်ပိုတဲ့အသံ

ဇာတ်လမ်းကြောင့် ခံစားမိပြီး နှုတ်ကနေ ထွက်လာတဲ့ အသံတွေရှိတယ်။ ရယ်သံ၊ ငိုသံ၊ အာမေဋိတ်သံတွေပေါ့။ တော်ရုံရယ်စရာလောက်ကိုလည်း အော်ကြီးဟစ်ကျယ်နဲ့ မပြီးနိုင်မစီးနိုင် ရယ်တတ်သူတွေလည်း ရှိသေးတယ်။ သရဲကားလာကြည့်ပြီး အသံကုန်ခြစ်အော်တတ်တဲ့ အားမနာတတ်တဲ့လူတန်းစားတွေကြားမှာ ကျန်တဲ့ရုပ်ရှင်ကြိုက်သူတွေဘဝလေးဟာ သနားစရာပါ။

၄။ ဂဏှာမငြိမ်သူတွေ

အငြိမ်မနေတတ်ဘဲ လှုပ်လှုပ်ယွယွနဲ့ ဘေးလူကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ လူတွေလည်း ရှိသေးတယ်။ ခြေထောက်ကို လှုပ်နေတာမျိုး၊ ခုံကိုကန်နေတာမျိုး၊ ရှေ့မှာထိုင်ပြီးခေါင်းကို လှုပ်နေတာတွေပေါ့။ ရုပ်ရှင်ကြည့်နေရင်း အိမ်သာထသွားမယ်ဆိုရင် ကျေးဇူးပြုပြီး မြန်မြန်လေး ဖြတ်လျှောက်ပေးပါလားလို့လည်း ပြောမိသွားတယ်။ မျက်စိရှေ့ ကွယ်နေတာ ဘယ်လိုမှအဆင်မပြေဘူး။

 

၅။ Spoiler

ဒီကားကို ကြည့်ချင်လွန်းလို့ ခွေထွက်တဲ့အထိမစောင့်နိုင်လို့ ရုံမှာလာကြည့်တာပါ။ ဒါမှမဟုတ် အသံ၊ ရုပ်ထွက်တွေကို အေးအေးဆေးဆေး ဇိမ်ကျကျ ခံစားချင်လို့ ရုံမှာလာကြည့်တာပါ။ ကြည့်ပြီးသားလူတွေက ဘေးမှာရောက်နေပြီး ဘယ်အခန်းမှာ ဘာဖြစ်တော့မယ်ဆိုတာကို ဘေးကနေ တစ်လျှောက်လုံးကြိုပြောနေတဲ့အခါ ကိုယ့်မှာ ရုပ်ရှင်ပဲကြည့်နေရတာလား ကွက်စိပ်ဟောတာ နားထောင်နေရသလားဆိုတာ မသဲကွဲတော့ဘူး။


ဆက်စပ်အကြောင်းအရာများ


Author


က္က