ကမ္ဘာကျော် သြစတြေးလျ Food Blogger ဘီလီလောရဲ့ ရိုးရိုးလေးနဲ့ဆန်းတဲ့ ပုဇွန်တုပ်၊ဝက်အူချောင်းကင် နဲ့ သခွားသီးသုပ် လုပ်နည်းလေးကိုပြောပြချင်ပါတယ်။ မိသားစုတွေပဲဖြစ်ဖြစ်၊သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် အိမ်မှာအကင်လုပ်စားကြတဲ့အခါ တမူထူးခြားစေတဲ့နည်းလေးပါ။
ပါဝင်ပစ္စည်းများ
ပုဇွန်တုပ်၊ဝက်အူချောင်းကင် အတွက်
၁။ ပုဇွန်တုပ် - ၅၀၀ ဂရမ် ( အခွံခွာပြီး အမည်းတွေထုတ်ထားပါ)
၂။ ဝက်အူချောင်း - ၂ ချောင်း ( ခပ်ထူထူလှီးထားပါ)
၃။ ကြက်သွန်မြိတ် - ၂ ပင် (အောက်ခြေမှအဖြူရောင်ဥလေးတွေကို ပါးပါးလှီးထားပါ)
၄။ ကြက်သွန်ဖြူ - ၂ မြွှာ (နုပ်နုပ်စင်းထားပါ)
၅။ ငရုတ်သီးအနီ - ၁ တောင့် (နုပ်နုပ်စင်းထားပါ)
၆။ သံလွင်ဆီ - စားပွဲတင်ဇွန်း ၂ ဇွန်း
၇။ ဆား ၊ ငရုတ်ကောင်း
သခွားသီးသုပ်အတွက်
၁။ သခွားသီး - အနေတော် ၂ လုံး
၂။ ပူဒီနာရွက် - လက်တစ်ဆုပ်စာ
၃။ ဆား - အနည်းငယ်
ပြုလုပ်ပုံ
၁။ အကင်စတင်မပြုလုပ်မီ အကင်တုတ်တွေကို ရေထဲမှာ ၁၀ မိနစ်ခန့်စိမ်ထားပါ။ ခပ်ထူထူလှီးထားတဲ့ဝက်အူချောင်း တစ်ဖက်ကို ပုဇွန်တုပ်ရဲ့အလယ်အကွေးနေရာကိုထည့်ပါ။ အဲဒီနောက် အကင်တုတ်ကို ပုဇွန်တုပ်ရဲ့အမြီးဘက်ကနေ ထိုးသွင်းပါ။ ဝက်အူချောင်းနဲ့ပုဇွန်တုပ်တွဲလျက်ဖြစ်နေအောင်ထိုးသွင်းရမှာ ဖြစ်ပါတယ်။ ကျန်တဲ့ ပုဇွန်တုပ်နဲ့ဝက်အူချောင်း တွေကိုလည်း အဲဒီနည်းအတိုင်းအကင်တုတ်နဲ့တွဲထားပြီး ဗန်းတစ်ခုထဲထည့်ထားပါ။
၂။ ပန်းကန်လုံးခပ်ငယ်ငယ်တစ်ခုထဲကို နုပ်နုပ်စဉ်းထားတဲ့ ကြက်သွန်မြိတ်ဥ၊ ငရုတ်သီး၊ ကြည်သွန်ဖြူ ၊သံလွင်ဆီတို့ထည့်ပါ။ ဆားနဲ့ငရုတ်ကောင်းအနည်းငယ်ထည့်ပါ။ ပြီးရင်းသမအောင်မွှေပါ။ ပြီးရင် တုပ်ထိုးထားတဲ့ ပုဇွန်တုပ်နဲ့ဝက်အူချောင်းတွေ ပေါ်ကို ဆမ်းပါ။ ဆမ်းထားတဲ့အနှစ်တွေစိမ့်ဝင်သွားဖို့အတွက် မိနစ် ၂၀ လောက်ထားပြီးမှ ကင်ပါ။
၃။ အဲဒီလိုစိမ်ထားတဲ့အချိန်မှာ သခွားသီးသုပ်ဖို့ပြင်ဆင်ရပါမယ်။ သခွားသီးကိုအရှည်လိုက် လေးစိတ်စိတ်ပြီး သေးသေးရှည်ရှည်လေးတွေဖြစ်အောင် လှီးပါ။ လှီးထားတဲ့သခွားသီးတွေကို ပန်းကန်လုံးတစ်ခုထဲထည့်ပြီး ဆားအနည်းငယ်ထည့်ကာ နယ်ကာ ၁၀ မိနစ်လောက်နှပ်ထားပါ။ ထွက်လာတဲ့အရည်တွေကို စစ်ပစ်ပါ။ ပူဒီနာရွက်တွေကို လက်နဲ့ပဲသင်ပြီး သခွားသီးပန်းကန်ထဲထည့်ပါ။ အဲဒီနောက် ပန်းကန်ပြားတစ်ခုထဲထည့်ထားပါ။
၄။ အကင်တုတ်နဲ့ထိုးထားတဲ့ ပုဇွန်တုပ်နဲ့ဝက်အူချောင်းတွေကို မီးပြင်းပြင်းနဲ့ကင်ပါ။ တစ်မိနစ်ခြားတစ်ခါလောက် ဟိုဘက်ဒီဘက်လှည့်ပေးပါ။ ကိုယ့်အကြိုက်အနေအထားလောက်ကျတ်သွားပြီဆိုရင် သခွားသီးသုပ်ပန်းကန်ပြားထဲကို ထည့်ပြီး သုံးဆောင်နိုင်ပါပြီ။
ဒီပုဇွန်တုပ်၊ဝက်အူချောင်းကင်နဲ့သခွားသီးသုပ် ကို Jacob’s Creek Classic Chardonnay ဝိုင်နဲ့တွဲဖက်သုံးဆောင်လိုက်ရင် တော့ ပျော်စရာကောင်းပြီး အရသာရှိတဲ့ညချမ်းလေးတစ်ခုကို ပိုင်ဆိုင်နိုင်မှာပဲ ဖြစ်ပါတယ်။
