မိုးအေးအေးမှာ ကော်ဖီပူပူလေးသောက်ရတာတကယ့်ကို ဇိမ်ပါပဲ။ ကော်ဖီကို လူတော်တော်များများ ကြိုက်ကြ၊ သောက်ကြပေမယ့်လည်း ကော်ဖီအကြောင်း နှိုက်နှိုက်ချွတ်ချွတ်သိတဲ့သူကတော့ နည်းမယ်ထင်ပါတယ်။ တကယ်တော့ လူတွေနှစ်ပေါင်းများစွာ သောက်သုံးလာကြတဲ့ကော်ဖီမှာ သမိုင်းကြောင်းအရရော၊ သူ့ရဲ့ကောင်းကျိုး၊ဆိုးကျိုးတွေနဲ့ ပတ်သက်လို့ပါ စိတ်ဝင်စားစရာအချက်တွေတော်တော်များများရှိနေပါတယ်။ အဲဒီလို စိတ်ဝင်စားစရာအချက်တွေထဲကမှ လူသိနည်းသေးတဲ့ အချက် ၅ ချက်ကိုရွေးချယ်ဖော်ပြပေးပါရစေ။
(၁) ကော်ဖီကိုပထမဆုံးစတင်တွေ့ရှိပုံ
ကော်ဖီကို အေဒီ ၈ ရာစုတုန်းက အီသီယိုးပီးယားမှာ ဆိတ်ကျောင်းသားတွေက စတင်တွေ့ရှိခဲ့တာပါ။ ဆိတ်တွေက ကော်ဖီသီးတွေကို စားပြီးနောက်မြူးတူးပျော်ပါးကြတာတွေကိုတွေ့ရက ကော်ဖီသီးတွေဟာ ဆိတ်တွေအပေါ်မှာ တစ်ခုခု သက်ရောက်မှုရှိကြောင်း ဆိတ်ကျောင်းသားတွေက သတိပြုမိခဲ့ကြပါတယ်။ နောက်တော့ ဒေသခံဘုန်းကြီးတစ်ပါးက ကော်ဖီသီးတွေကိုအရည်ဖျော်သောက်ကြည့်တဲ့အခါ တစ်ညလုံးမအိပ်ချင်ဘဲနိုးနိုးကြားကြားဖြစ်နေတာကို သတိပြုမိခဲ့ပြီး အဲဒီကော်ဖီတစ်ခွက် ကမ္ဘာ့ပထမဆုံးကော်ဖီဖြစ်မယ်လို့ ယူဆရပါတယ်။
(၂) ကမ္ဘာပေါ်မှာ ဒုတိယမြောက်ကုန်သွယ်မှုအများဆုံးကုန်စည်
လက်ရှိကောက်ယူထားတဲ့ စစ်တမ်းတွေအရ ကမ္ဘာတဝမ်းမှာ နိုင်ငံပေါင်း ၅၀ လောက်က ခန့်မှန်းချေ လယ်သမား ၂၅ သန်းလောက်ဟာ ကော်ဖီထုတ်လုပ်ရာမှာပါဝင်လျက်ရှိပြီး ကော်ဖီဟာ ကမ္ဘာ့ဒုတိယမြောက်ကုန်သွယ်မှုအများဆုံး ကုန်စည် အဖြစ် ရပ်တည်လျက်ရှိပါတယ်။ ကုန်သွယ်မှုအများဆုံးကုန်စည်စာရင်းရဲ့နံပါတ် ၁ နေရာမှာရပ်တည်နေတာက ရေနံပါ။
(၃) ကော်ဖီစေ့ ၂ မျိုး
ကော်ဖီကို ဖျော်စပ်ပုံအလိုက် ကော်ဖီအမျိုးအစား အများအပြားကွဲပြားပေမယ့် ကော်ဖီမှုန့်ဖြစ်ပေါ်လာတဲ့ ကော်ဖီစေ့ကတော့ ၂ မျိုးပဲ ရှိပါတယ်။ အာရေဘီကာ နဲ့ ရိုဘက်စ်တာ တို့ပါ။ အဲဒီနှစ်မျိုးမှာ အာရေဘီကာ ကိုသောက်သုံးမှု အများဆုံးဖြစ်ပြီး ၇၀ ရာခိုင်နှုန်းအထိရှိပါတယ်။ လူသောက်နည်းပေမယ့် ရိုဘက်စ်တာ ကပိုခါးသလို ကဖိန်းလည်း ၂ ဆ ပိုပါဝင်ပါတယ်။
(၄) ကျန်းမာရေးအကျိုးကျေးဇူး
လေ့လာမှုတွေအရ ကော်ဖီကိုပုံမှန်သောက်တဲ့သူတွေဟာ အယ်လ်ဇိုင်းမားဖြစ်နိုင်ချေ လျော့နည်းတာကိုတွေ့ရှိထားရ ပါတယ်။ ဒါ့အပြင် ဆီးချို နဲ့ ပါကင်ဆန်ရောဂါတွေမဖြစ်အောင်၊ သက်သာအောင်အထောက်အကူပြုတာကိုလည်း တွေ့ရှိထားရပါသေးတယ်။ အမျိုးသမီးတွေမှာဆိုရင် အရေပြားကင်ဆာမဖြစ်အောင်လည်း ကာကွယ်ပေးပါသေးတယ်တဲ့။
(၅) အလွန်အကျွံသောက်ရင်ဖြစ်နိုင်တဲ့ ဆိုးကျိုးတွေ
ကော်ဖီကို သင့်တင့်ရုံပုံမှန်သောက်ရင် ကျန်းမားရေးအကျိုးကျေးဇူးအချို့ရှိပြီး လူလည်းလန်းဆန်းနိုင်ပေမယ့် တန်ဆေးလွန်ဘေးဆိုသလို အလွန်အကျွံသောက်မိရင် ကျန်းမာရေးထိခိုက်နိုင်တာတွေလည်းရှိပါတယ်။ ကော်ဖီမှာပါဝင်တဲ့ ကဖိန်းဓါတ်သွေးထဲမှာအရမ်းများသွားရင် စိုးရိမ်စိတ်လွန်ကဲတာ၊ အိပ်မပျော်တာ စတဲ့ဝေဒနာတွေကနေ အခန့်မသင့်ရင် နှလုံးနဲ့ဆိုင်တဲ့ရောဂါတွေတောင်ရရှိနိုင်ပါတယ်။
ကဲ ...ဒီလောက်ဆိုရင် ကော်ဖီနဲ့ပတ်သက်တဲ့ စိတ်ဝင်စားစရာအချက်လေးတွေကို သိရှိတဲ့အပြင် ကော်ဖီရဲ့ကောင်းကျိုး၊ ဆိုးကျိုးတွေကိုလည်း သိသွားပြီဆိုတော့ မိုးအေးအေးမှာ ကော်ဖီပူပူလေးတစ်ခွက်နဲ့ ဇိမ်ယူလိုက်ကြပါဦး။