လူတွေဟာ အိမ်မွေးတိရိစ္ဆာန်လေးတွေကို ချစ်ခင် ကြင်နာတတ်ကြသလို သူတို့ကို ကိုယ်နဲ့မခြား ဂရုစိုက်လေ့ရှိကြပါတယ်။ ကိုယ်နဲ့ အတူတူသိပ်တာမျိုး၊ အတူတူ အပြင်သွားတာမျိုးတွေ လုပ်တတ်သလို ကိုယ်စားနေတဲ့ အစားအစာတွေကိုလဲ သူတို့ကို ချကျွေးလေ့ ရှိတတ်ပါတယ်။ ဒါပေမဲ့ လူတွေစားတဲ့ အစားအစာတိုင်းဟာ အိမ်မွေးတိရစ္ဆာန်တွေနဲ့ သင့်လျော်မှု မရှိပါဘူး။ တစ်ချို့အရာတွေကတော့ သူတို့လေးတွေရဲ့အသက်ကိုပါ ထိခိုက်စေနိုင်ပါတယ်။ အဲ့ဒီလိုအစားအစာတွေထဲက ကြောင်တွေအတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့ အစားအစာ (၁၀) မျိုးကို ဖော်ပြလိုက်ပါတယ်။



၁။ စပျစ်သီးခြောက်

စပျစ်သီးခြောက်တွေဟာ ချိုချိုချဉ်ချဉ်လေးနဲ့မို့ စားလို့လဲကောင်းသလို လူသားတွေအတွက်လည်း ကျန်းမာစေတဲ့ အစားအစာပါပဲ။ သို့သော်လည်း ကြောင်လေးတွေအတွက်တော့ အန္တရာယ်များတဲ့ အစားအစာဖြစ်ပါသတဲ့။ စပျစ်သီးခြောက် လက်တစ်ဆုပ်စာလောက်လေး စားလိုက်မိရင်ပဲ သင့်ကြောင်ကလေးရဲ့ ကျောက်ကပ်ကို အဆိပ်ဖြစ်စေကာ ကျန်းမာရေး ဆိုးဆိုးရွားရွား ထိခိုက်နိုင်ပါတယ်။ အကယ်၍များ စပျစ်သီးခြောက်တွေ စားမိခဲ့တယ်ဆိုရင် ၂၄ နာရီအတွင်းမှာပဲ အန်ခြင်း၊ အစာမစားခြင်း၊ အားနည်းခြင်း၊ ဝမ်းဗိုက်ပိုင်းအောင့်ခြင်းနဲ့ ဆီးသွားနည်းခြင်းတို့ ဖြစ်လာနိုင်ပါတယ်။

၂။ ကြက်သွန်နီ

ကြက်သွန်နီမှာ ပါဝင်တဲ့ ဆာလ်ဖာအောက်ဆိုဒ်နဲ့ ဒိုင်ဆာလ်ဖိုဒ်တို့ဟာ ကြောင်တွေရဲ့ သွေးနီဥတွေကို ဖျက်ဆီးပစ်နိုင်ပါတယ်။ ထုပ်ပိုးထားတဲ့ အဆာပြေအစားအစာ (Snack Food) တွေမှာ ကြက်သွန်နီပါဝင်မှုနှုန်း များနေတတ်လို့ အကယ်၍များ သင်စားနေတဲ့မုန့်ကို သင့်ပူစီလေးကို ချကျွေးတော့မယ်ဆိုရင် ပါဝင်ပစ္စည်းတွေကို အရင် စစ်ဆေးသင့်ပါတယ်။

၃။ ကြက်သွန်ဖြူ

ကြက်သွန်မျိုးနွယ်စုထဲမှာပါတဲ့ ကြက်သွန်ဖြူကလည်း သင့်ကြောင်လေးကို အန္တရာယ်ပေးနိုင်တဲ့ အစားအစာစာရင်းမှာ ပါဝင်ပါတယ်။ ဒါပေမဲ့ သူက ကြက်သွန်နီလောက်လဲ အဆိပ်သိပ်မဖြစ်နိုင်သလို လူတွေစားနေကြ အစားအစာတွေမှာလဲ ကြက်သွန်ဖြူ ပါဝင်နှုန်းက နည်းပါတယ်။ မကျွေးရင်တော့ အကောင်းဆုံးပေါ့။

 

၄။ ကြက်ဥစိမ်း

ကြက်ဥစိမ်းဟာ အီကိုလိုင် (Escherichia Coli) လိုမျိုး အစာအဆိပ်သင့်စေတဲ့ ဘက်တီးရီးယားပိုးတွေ ပါဝင်နေတတ်လို့ ကြောင်တွေရဲ့ ကျန်းမာရေးကို ဆိုးဆိုးရွားရွား ဒုက္ခပေးနိုင်ပါတယ်။ ပြီးတော့ ကြက်ဥအကာဟာ လူသားတွေအတွက် ပရိုတိန်းကြွယ်ဝတဲ့ အာဟာရဖြစ်ပေမယ့်လည်း ကြောင်တွေအတွက်တော့ ဗီတာမင် B စုပ်ယူမှုကို တားဆီးပစ်တဲ့ အရာ ဖြစ်ပါတယ်။

၅။ အယ်လ်ကိုဟော

သိပ်ပြီး အများကြီး ရှင်းပြနေစရာတော့ မလိုတော့ပါဘူး။ လူကိုလည်း အကျိုးမပေးတဲ့ အရက်လိုမျိုး အယ်လ်ကိုဟောပါဝင်တဲ့ အရည်တွေဟာ သင့်ကြောင်တွေအတွက်လည်း အယ်လ်ကိုဟောဆိပ်သင့်မှုတွေ ဖြစ်စေပြီး နေမကောင်းဖြစ်စေပါလိမ့်မယ်။

၆။ ကဖင်း

သင်သောက်နေတဲ့ လက်ဖက်ရည်နဲ့ ကော်ဖီတွေကို သင့်ကြောင်ကလေးကို မတိုက်မိပါစေနဲ့။ ကဖင်းဓာတ်ဟာ ကြောင်တွေကို ဆီးမကြာခဏသွားစေကာ ရေဓာတ်ခမ်းခြောက်မှုကို ခံစားရပါစေလိမ့်မယ်။ ကဖင်းဓာတ်က နှလုံးနဲ့ အာရုံကြောတွေကို လှုံ့ဆော်ပေးတာမို့လို့ အဲ့ဒီဒဏ်ကိုလည်း ကြောင်တွေက ခံနိုင်ရည်မရှိကြပါဘူး။ ကဖင်းဓာတ်ပါတဲ့ ချောကလက်မှာ သီယိုဘရိုမိုင်းကဲ့သို့ ဓာတုပစ္စည်းတွေ ပါဝင်နေခြင်းက သင့်ကြောင်ကလေးအတွက် အသက်အန္တရာယ်ပေးနိုင်ပါတယ်။

၇။ အဆီခဲများ

အဆီခဲတွေကို စားမိတဲ့ ကြောင်ဟာ အော့အန်ခြင်းနဲ့ အစာအိမ်ထိခိုက်ခြင်းတို့ကို ဖြစ်စေတတ်ပါတယ်။

 

၈။ အရိုးများ

အရိုးတွေကိုကျွေးတဲ့အခါ သတိထားသင့်ပါတယ်။ ဘာလို့လဲဆိုတော့ သေးမွှားတဲ့ အရိုးစလေးတွေက သင့်ကြောင်ကလေးရဲ့ အစာအိမ်နံရံကို ပေါက်ပြဲစေတာမျိုး၊ အစာအိမ်ထဲမှာ စုခဲနေတာမျိုး ဖြစ်တတ်ပါတယ်။ အရိုးနုနဲ့ အရွတ်၊ အကြော၊ အဆီတွေ ပါဝင်တဲ့ အရိုးတွေက ကြောင်တွေရဲ့ အစာခြေဖျက်မှုစနစ်ကို ဒုက္ခပေးနိုင်ပါတယ်။ အရိုးများများစားမိရင် သင့်ကြောင်ကလေးတွေ အော့အန်ပြီး နေမကောင်းဖြစ်နိုင်ပါတယ်။

၉။ နို့နဲ့နို့ထွက်ပစ္စည်းများ

ကြောင်တွေ အရွယ်ရောက်လာတဲ့အခါ နို့မှာပါဝင်တဲ့ Lactose လို့ခေါ်တဲ့ သကြားဓာတ်နဲ့ သိပ်ပြီး မတည့်တော့ပါဘူး။ Lactose များများပါနေတဲ့  နို့နဲ့နို့ထွက်ပစ္စည်းတွေ စားမိရင် သင့်ကြောင်ကလေးက နေမကောင်းဖြစ်တတ်ပါတယ်။ ကြောင်တွေအတွက်ထုတ်ထားတဲ့ အစားအစာတွေမှာတော့ လူတွေနဲ့ မတူအောင် Lactose ဓာတ်ကို လျှော့ချထားလေ့ရှိပါတယ်။

 

၁၀။ ထောပတ်သီး

ထောပတ်သီးဆိုတာ လူတွေအတွက်တော့ အာဟာရလဲဖြစ်စေနိုင်သလို အလှအပအတွက်လည်း အရမ်းကိုကောင်းမွန်တဲ့ သစ်သီးပါ။ သို့ပေမဲ့ သင့်အိမ်မွေးတိရိစ္ဆာန်တွေအတွက်တော့ အရမ်း အရမ်းကို အန္တရာယ်ရှိတဲ့အရာဖြစ်ပါတယ်။ တကယ်တော့ ထောပတ်သီးတင်မကပါဘူး။ ထောပတ်သီးပင်တစ်ခုလုံးက သင့်အိမ်မွေးတိရိစ္ဆာန်တွေအတွက် အဆိပ်ရှိပါတယ်။ ထောပတ်သီးမှာ ပါဝင်တဲ့ Persin လို့ ခေါ်တဲ့ အရာဟာ သင့်ကြောင်လေးတွေနဲ့ သင့်အိမ်မွေးတိရိစ္ဆာန်တွေကို ဇီဝိန်ခြွေပစ်မယ့် သေဆေးတစ်မျိုးပါပဲ။ ထောပတ်သီး နည်းနည်းလေးကိုပဲ မျိုချလိုက်မိတယ်ဆိုရင်တောင်မှ အစာအိမ်ကို ဒုက္ခပေးနိုင်သလို အသက်ရှုခြင်းမှာ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ပိုဆိုးတာကတော့ နှလုံးဧရိယာတစ်ဝိုက်မှာ အရည်ဖွဲ့တည်မှုတွေ ဖြစ်လာနိုင်ပြီးတော့ အသက်သေဆုံးသွားနိုင်ပါတယ်။ ဒါကြောင့်မို့လို့ ဒီစာရင်းထဲမှာတော့ နံပါတ်တစ် အန္တရာယ်အရှိဆုံးပါပဲ။

ှSource : Pet care


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က