အမြင့်ပေ ၄၀၀ ခန့်လောက်ကနေ ရန်ကုန်မြို့ ရှုခင်းကို မိုးပျံပူဖောင်းနဲ့ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
 

ကန်တော်ကြီးမှာ မိုးပျံပူဖောင်းစီးနိုင်မယ့် အစီစဉ်ကို မကြာခင်စတင်တော့မယ်လို့ သိရပါတယ်။ အမြင့်ပေ ၄၀၀ ခန့်လောက်ကနေ ရန်ကုန်မြို့ ရှုခင်းကို မိုးပျံပူဖောင်းနဲ့ ကြည့်ရှုလိုသူတွေအတွက်  Mingalarbar Balloon ဝန်ဆောင်မှုကို ဇွန်လ ၁၅ ရက်နောက်ပိုင်း စတင်မှာ ဖြစ်ပါတယ်။

မိုးပျံပူဖောင်းကို ရန်ကုန်တိရစ္ဆာန်ဥယျာဉ်နဲ့ မျက်နှာချင်းဆိုင် ကန်တော်ကြီးဥယျာဉ်ဝင်ပေါက်အနီး မြေပြင်ပေါ်မှ အမြင့်ပေ လေးရာအထိ ပျံသန်းပေးမှာ ဖြစ်ပါတယ်။ ရှုခင်းတွေကြည့်ရှုဖို့နဲ့ ဓာတ်ပုံရိုက်ကူးဖို့  ပျံသန်းချိန် ၁၅ မိနစ်ခန့် စီစဉ်ထားတာ ဖြစ်ပါတယ်။

‘‘မိုးပျံပူဖောင်းက အခုလောလောဆယ် စတော့ပျံနေပြီဖြစ်ပေမယ့် ဝန်ထမ်းတွေပဲ စီးပြီးတော့ စမ်းသပ်ပျံသန်းနေတာဖြစ် ပါတယ်။ ဇွန် ၁၅ ရက် နောက်ပိုင်းမှာ လက်မှတ်တွေ စပြီးရောင်းချပေးမှာဖြစ်ပါတယ်’’ လို့ ပြော  In Bloom Travel & Tour ကုမ္ပဏီမှ  Tour Operator ကိုရန်နိုင်က ပြောထားကြောင်း ပြည်တွင်းသတင်းစာကြီးတစ်စောင်မှာ ရေးသားထားပါတယ်။

 

‘‘လေအရမ်းပြင်းရင်တော့  ကျွန်တော်တို့ မိုးပျံပူဖောင်းကို မပျံပါဘူး။ မိုးဖွဲဖွဲလေးလောက်ရွာရင်တော့ ပျံလို့ရတယ်။ သူက ကန်တော်ကြီးထဲမှာ အပေါ်နဲ့ အောက် အဆင်းအတက်ပဲ ပျံသန်းပေးမှာပါ။ ပုဂံမှာရှိတဲ့ မိုးပျံ ပူဖောင်းတွေလို ပျံပြီးတော့ လျှောက်သွားတာမျိုးမဟုတ်ဘူး။ အမြင့်ပေ လေးရာဝန်းကျင်မှာ နားပေးထားပြီး ဓာတ်ပုံတွေရိုက်မယ်။ ရှုခင်းတွေ ကြည့်လို့ရမှာဖြစ်ပါတယ်။ ပြီးရင်အောက်ကို ကေဘယ်ကြိုးနဲ့ တဖြည်းဖြည်းပြန် ဆင်းမှာဖြစ်ပါတယ်’’  လို့လည်း ပြောထားပါတယ်။

မိုးပျံပူဖောင်း ပျံသန်းရာမှာ တစ်ကြိမ်ကို လူ ၂၀ လိုက်ပါစီးနင်းနိုင်ပြီး တစ်ရက်ကို အကြိမ် ၃၀ ခန့် ပျံသန်းဖို့  စီစဉ်ထားတယ်လို့လည်း သိရပါတယ်။

မိုးပျံပူဖောင်းစီးနင်းခအဖြစ် လူကြီးတစ်ဦးကို တစ်သောင်းကျပ်၊ ကလေးတစ်ဦးကို ငါးထောင်ကျပ် သတ်မှတ်ထားပြီး နိုင်ငံခြားသားတစ်ဦးကို ကန်ဒေါ်လာ ၂၈ ဒေါ်လာ ကောက်ခံမှာဖြစ်ပါတယ်။

Source: 7Day Daily

Photos: Mingalarbar Balloon (Facebook)


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က