အရသာရှိ... အာဟာရရှိ... ချက်ရတာလည်း မခက်ဘူး။

ဟလို... ဟလို ကြက်ဆီထမင်းကြိုက်သူတွေ ရှိပါသလား? အနံ့လည်းမွှေး အရသာလည်းရှိတဲ့ ကြက်ဆီထမင်းက လူတိုင်းလိုလို ကြိုက်ကြပါတယ်။ ကြက်ဆီထမင်းဆိုင်တွေ အများကြီးရှိတာပေါ့နော်။ ဒါပေမဲ့ ကိုယ့်ဘာသာကိုယ် ချက်စားမယ်ဆိုလည်း အရမ်းမခက်ပါဘူး။ အလွယ်ဆုံးနည်းကို Duwun ရဲ့ Chef Menu နဲ့ လက်တွေ့ချက်ပြပါ့မယ်။

 

ကြက်ဆီထမင်းချက်ဖို့အတွက် အဓိကလိုအပ်တာကတော့ ကြက်သွန်ဖြူ - ၅၀ ဂရမ်၊ ဂျင်း - ၂၀ ဂရမ်၊ ကြက်ရင်ပုံသား - ၃၀၀ ဂရမ်၊ ကြက်သားမှုန့်၊ ငံပြာရည်၊ ဆီ၊ သကြား အနည်းငယ်နဲ့ ဆန် - ၇၀၀ ဂရမ်တို့ လိုအပ်ပါတယ်။ ကြက်သွန်ဖြူကို ဓားပြားရိုက်ပြီး ဂျင်းကို ပါးပါးလှီးထားပါ။ ကြက်သားကိုတော့ ကြက်သားမှုန့်၊ ငံပြာရည်တို့နဲ့ နယ်ထားရပါမယ်။

 

စပြီး ချက်ပါပြီ။ ဒယ်အိုးထဲဆီထည့်ပြီး ဆီပူလာတဲ့အခါ ကြက်သွန်ဖြူနဲ့ဂျင်းကိုထည့်ပါ။ အနံ့လေးမွှေးလာပြီဆို ကြက်သားကိုထည့်လိုက်ရပါမယ်။ ၁ မိနစ်လောက်ကြာရင် ကြက်သားမြုပ်ရုံလောက် ရေဖြည့်လိုက်ပါ။ ၁၅ မိနစ် ကြာတဲ့အခါ ကြက်သားတွေလည်း နူးသွားပါပြီ။ ကြက်ပြုတ်ရည်ကို ဖယ်ထုတ်လိုက်ပါ။ အိုးထဲမှာ ဂျင်း၊ ကြက်သွန်ဖြူနဲ့ ကြက်သားကိုချန်ထားပြီး ဆီနည်းနည်းလောင်းပြီး ကြော်ပေးရပါမယ်။ ကြက်အရေခွံလေး အညိုရောင်သမ်းပြီဆိုရင် ကြက်သားအရသာက ပြီးပြည့်စုံသွားပြီ။

 

ထမင်းချက်တော့မယ်။ ဆန် ၇၀၀ ဂရမ်ကို ရေအစား ကြက်ပြုတ်ရည်နဲ့ ပေါင်းအိုးထဲမှာ ၄၅ မိနစ်ကြာ ချက်လိုက်ပါ။ ၄၅ မိနစ်ဆိုရင် ထမင်းကျက်သွားပါလိမ့်မယ်။

 

ကြက်ကြော် ကြော်ထားတဲ့ဆီကို ထပ်ထည့်ပြီး ထမင်းထဲနှံ့သွားအောင်မွှေကာ နည်းနည်းလောက် ထပ်နွှေးထားပါ။ ၃ မိနစ်လောက်ဆိုရင် ကြက်ဆီထမင်းကျက်ပြီ။ ပန်းကန်ထဲမှာ တည်ခင်းသုံးဆောင်လို့ရပြီပေါ့။ ကြက်ဆီထမင်းနဲ့ လိုက်ဖက်တဲ့ သခွားသီး၊ ပူစီနံ/ နံနံပင်လေးနဲ့ တွဲဖက်သုံးဆောင်ရင် အရမ်းကိုစားကောင်းတာနော်။

 

Share

Loading Next Article...
က္က