အရင်ကတော့ ဒီလိုလုပ်လို့ရတယ်ဆိုတာ မသိခဲ့ဘူး။

ရေခဲသေတ္တာကိုသုံးတယ်ဆိုတာ အစားအသောက်တွေကို ကြာကြာခံအောင် သိုလှောင်ဖို့ပဲလေ။ ဟင်းသီးဟင်းရွက်၊ အသား၊ ငါးတွေကို အအေးဓာတ်နဲ့သိမ်းဆည်းထားရင် လွယ်လွယ်နဲ့ မပုပ်သိုးနိုင်တော့ဘူး။ သိမ်းဆည်းတဲ့အခါ အအေးပမာဏပေါ် မူတည်ပြီးတော့လည်း သိမ်းရတယ်။ တချို့အရာတွေကိုတော့ ခဲနေအောင်ထားလို့ရပါတယ်။ ပြီးတော့မှ ပြန်နွှေးပြီးသုံးနိုင်တယ်။



၁။ နို့



နို့တွေကို ရေခဲသေတ္တာထဲမှာ ခဲနေအောင်သိမ်းထားနိုင်ပါတယ်။ မသိမ်းခင်မှာ ထုတ်လုပ်တဲ့ ရက်စွဲကိုတော့ စစ်ဖို့လိုပါမယ်။ လေလုံတဲ့ဘူးထဲမှာ နို့ကိုထည့်ပြီး ၃ လလောက် သိမ်းထားလို့ရပါတယ်။ ဒါပေမဲ့ အဆီထုတ်ထားတဲ့နို့တွေကို သိမ်းရင်အဆင်ပြေပြီး နွားနို့စစ်စစ်ကို သိမ်းမယ်ဆိုရင်တော့ ၃ လပြည့်အောင် မခံပါဘူး။ ပုလင်းထဲကို နို့အပြည့်မထည့်ဘဲ ခဲသွားလို့ ပွလာမယ့် ထုထည်အတွက် ဆံ့အောင် နေရာလွတ်ချန်ပြီး အေးခဲသိမ်းဆည်းနိုင်ပါတယ်။

၂။ ထောပတ်နဲ့ မာဂျရင်း



ထောပတ်နဲ့ သစ်သီးဝလံတွေကနေ ထုတ်ယူထားတဲ့ ထောပတ်(မာဂျရင်း)တို့ဟာ ရေခဲသေတ္ထာထဲမှာ သိမ်းမယ်ဆိုရင် ၃ လောက် အထားခံပါလိမ့်မယ်။

၃။ ငှက်ပျောသီး



ငှက်ပျောသီးပေါင်မုန့်/ ငှက်ပျောသီးကိတ်လုပ်ဖို့ အချိန်မရဘူးလား? ငှက်ပျောသီးမှည့်ကို အခွံနွှာပြီး ရေခဲသေတ္တာထဲမှာ ခဲနေအောင်သိမ်းထားလို့ရတယ်။ လေလုံအိတ်နဲ့ပဲ ထည့်သိမ်းရမယ်ဆိုတာတော့ မှတ်ထားပါ။ ခဲထားတဲ့ငှက်ပျောသီးကို မသုံးခင်မှာ ပြန်နွှေးဖို့တော့ လိုပါတယ်။

Smoothie ဖျော်ရည် လုပ်သောက်မယ်ဆိုလည်း ငှက်ပျောသီးကို အခွံနွှာ ပါးပါးလှီးပြီး အိတ်ထဲထည့်ကာ ခဲအောင်သိမ်းထားနိုင်ပါတယ်။ ဖျော်ချင်တဲ့အချိန်ကျမှ blender ထဲ ထည့်ဖျော်ရုံပါပဲ။ ငှက်ပျောသီးကလည်း ၃ လလောက် ခဲထားလို့ရပါတယ်။

၄။ လှီးထားတဲ့ကြက်သွန်နီ



ကြက်သွန်နီဥကြီးကြီးတွေဆိုရင် ပိုတာနဲ့ ပစ်လိုက်ရတာများတယ်။ တစ်ခြမ်းလောက်ပဲသုံးပြီး ကျန်တစ်ခြမ်းက ဘာလုပ်ရမှန်းမသိ။ ဟင်းထဲထည့်လည်း ကြက်သွန်အရသာပဲထွက်တော့မှာ။ တကယ်တမ်းကျတော့ လေလုံအိတ်နဲ့သိမ်းပြီး ရေခဲသေတ္တာထဲမှာ အေးခဲထားမယ်ဆိုရင် အထားခံပါတယ်။

ဒါပေမဲ့ ကြက်သွန်နီအလွှာတွေကို ခွဲထုတ်ပြီးသိမ်းမှ အထားခံမှာပါ။ ခဲထားတဲ့ကြက်သွန်နီတွေကို ပျော်အောင်ပြန်မလုပ်ဘဲနဲ့ ဟင်းထဲကို တစ်ခါတည်း တိုက်ရိုက်ထည့်ချက်လို့လည်းရတယ်။

၅။ လက်လုပ်ဆော့စ်



ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ပင်စိမ်း စတာတွေနဲ့ ရောစပ်ပြုလုပ်ထားတဲ့ လက်လုပ်ဆော့စ်တွေကိုလည်း ရေခဲသေတ္တာထဲမှာ သိမ်းလို့ရပါတယ်။ လေလုံအိတ်ထဲမှာသိမ်းပြီး ခဲထားမယ်ဆို ၃ လလောက်အထားခံပါတယ်။

Source : GHK


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က