လျှာထဲမှာ စိမ့်ဝင်သွားအောင် စားကောင်းတာ.....

မြန်မာတွေ အစားအများဆုံး တရုတ်အစားအစာလို့ ပြောရရင် တရုတ်ထမင်းကြော်ကိုပဲ ညွှန်းရမယ်ထင်တယ်နော်။ အသား၊ ဟင်းသီးဟင်းရွက်နဲ့ ထမင်းကို ရောပြီး အရသာရှိရှိ ကြော်ထားတာဆိုတော့ တရုတ်ထမင်းကြော်က နေ့လယ်စာ/ ညစာအဖြစ် စားကြတာလေ။ ထမင်းသပ်သပ် ဟင်းသပ်သပ် တစ်ကွဲစီမှာနေရဖို့ အချိန်မရှိဘူးဆိုရင် ထမင်းကြော်ပဲ စားလိုက်တာပေါ့။ ကိုယ့်ဘာသာကိုယ် ကြော်စားမယ်ဆိုလည်း မခက်ပါဘူး။

 

တရုတ်ထမင်းကြော် ကြော်စားမယ်ဆိုရင် ထမင်း၊ ကြက်သား/ဝက်သား/အမဲသား (နှစ်သက်ရာ)၊ ကြက်ဥ ၂ လုံး၊ ဆီ၊ မုန်လာဥနီ၊ ပဲသီး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ကြက်သွန်မြိတ်၊ ဆား၊ ငြုပ်ကောင်းမှုန့်၊ ဆီ၊ ပဲငံပြာရည်နဲ့ သကြားအနည်းငယ်တို့ လိုအပ်ပါတယ်။ ထမင်းကို ပေါင်းအိုးနဲ့မချက်ဘဲ ရေငှဲ့ပြီးချက်တာက ကြော်လို့ပိုကောင်းပါတယ်။ ထမင်းကျက်ရင် အိုးထဲကခူးပြီး ပန်းကန်ထဲမှာ ဖွထားပါ။ ပူနေတဲ့ထမင်းကိုကြော်ရင် ထမင်းတွေ လုံးသွားပါလိမ့်မယ်။ ကြက်သွန်နီနဲ့ မုန်လာဥနီကို အတုံးသေးသေးလေးတွေ လှီးထားရပါမယ်။ ကြက်သွန်ဖြူကို ဓားပြားရိုက်ထားပါ။ ကြက်သွန်မြိတ်ကိုတော့ မထူမပါးလေး လှီးထားရပါမယ်။

 

ပထမဆုံးအနေနဲ့ ကြက်ဥကို ဆား၊ ငြုပ်ကောင်းမှုန့်တို့နဲ့မွှေပြီး ကြော်ရပါမယ်။ ကြော်ပြီးရင် ဖယ်ထားလိုက်ပါ။ အိုးထဲက ကျန်တဲ့ဆီထဲကို ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ မုန်လာဥနီ၊ ပဲသီးတို့ ထည့်ကြော်ရပါမယ်။ ပြီးရင် သေးသေးတုံးထားတဲ့ အသားတုံးလေးတွေကို ဆက်ကြော်ပါ။ တကယ်လို့ ကြက်ဥကို ဦးဆုံးမကြော်ချင်ဘူးဆိုလည်း အသားတုံးလေးတွေ ကျက်သွားတဲ့အခါ မွှေထားတဲ့ ကြက်ဥကိုရောထည့်ပြီးကြော်လို့လည်းရတယ်။ ပြီးတော့မှ ထမင်းကိုထပ်ထည့်ပါ။ ပဲငံပြာရည် အနည်းငယ်ထည့်ပြီး နှံ့အောင်မွှေပေးလိုက်ရင် အနံ့လေးက မွှေးလာပါပြီ။ စားချင်စဖွယ် တရုတ်ထမင်းကြော်လေး ရပြီပေါ့။

 

ဒါပေမဲ့ သကြားလေးနည်းနည်းလောက် ထပ်ထည့်ပြီး မွှေပေးလိုက်ရင် အရသာချိုချိုလေးနဲ့ ပိုကောင်းသွားမယ်။ လျှာထဲမှာ စိမ့်ဝင်သွားအောင် စားကောင်းမယ်ဆိုတာ အာမခံတယ်နော်။

Source : Seonkyong Longest


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က