ဖယောင်းတိုင်ညစာစားပွဲတွေမှာ ဖယောင်းတိုင်မီးရောင်အောက်မှာ အတွဲတွေညစာစားရင်း ဝိုင်သောက်ဖူးကြမှာပေါ့။ တကယ်တော့ ဝိုင်သောက်ခြင်းဟာ ဦးနှောက်ထဲက အချစ်စိတ်ကိုဖြစ်စေတဲ့ oxytocin ဟော်မုန်းတွေ ထွက်လာအောင်လှုံ့ဆော်ပေးနိုင်သလို အစားအစာကိုပိုမိုအရသာရှိစေဖို့၊ ကျန်းမာရေးကောင်းမွန်စေဖို့အစရှိတဲ့ အကျိုးကျေးဇူးတွေကိုလည်း ပေးစွမ်းနိုင်ပါတယ်။ အမျိုးသမီးတစ်ယောက် တစ်နေ့ ဝိုင် (၁) ခွက်သောက်ပေးရင် ကျန်းမာရေးပိုမိုကောင်းမွန်စေသလို အမျိုးသားတစ်ယောက် တစ်နေ့ ဝိုင် (၂) ခွက်သောက်ပေးရင်လည်း ကျန်းမာရေးအတွက်အကောင်းဆုံးပါပဲ။
ဝိုင်ဆိုတာ ဘားမှာတစ်ယောက်တည်းထိုင်သောက်လို့ရတဲ့ ဘီယာလိုမဟုတ်ဘဲ အိမ်မှာ၊ ညစာစားပွဲမှာ၊ အထိန်းအမှတ်ပွဲတစ်ခုခုမှာ ချစ်သူခင်သူတွေနဲ့အတူသောက်ရတဲ့ အဖျော်ယမကာတစ်မျိုးဖြစ်ပါတယ်။ အဲဒီဝိုင်တွေထဲကမှ လူကြိုက်အများဆုံးနဲ့ အကောင်းဆုံး ဝိုင်အမျိုးအစားတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
ဒီဝိုင်ကိုတော့ အကောင်းဆုံးဝိုင်ဖြူအဖြစ်သတ်မှတ်ထားကြပါတယ်။ Riesling ဝိုင်ဟာ ဂျာမနီနိုင်ငံ Rhine ဒေသမှာပေါက်တဲ့ Riesling စပျစ်သီးအမျိုးအစားက ထုတ်လုပ်ထားတဲ့ဝိုင်တစ်မျိုးဖြစ်ပါတယ်။ ဒီဝိုင်ဖြူရဲ့အထူးကောင်းမွန်တဲ့အချက်ကတော့ ဝိုင်ဖောက်တဲ့ ဖြစ်စဉ်မှာ သကြားဓာတ်လုံးဝကုန်အောင်ဖောက်ထားပြီး သဘာဝသစ်သီးရဲ့ချိုမြမြအရသာပဲကျန်အောင် ပြုလုပ်ထားပါတယ်။
သူ့ရဲ့ သဘာဝသစ်သီးအရသာက ဒီဝိုင်ဖြူကို ပြိုင်ဘက်ကင်းစေတဲ့အချက်ပါပဲ။ Riesling ဝိုင်ဖြူကို အိမ်မှာလုပ်ထားတဲ့ဝိုင်လို ခံစားရစေတဲ့ ထူးခြားတဲ့ဝိုင်တစ်မျိုးလို့လည်း ဆိုစမှတ်ပြုကြပါတယ်။ နောက်ပြီး သူ့မှာပါဝင်တဲ့ အက်ဆစ်ဓာတ်မြင့်မားမှုကြောင့် Riesling ဝိုင်ဟာ သဘာဝသစ်သီးပန်းမာန်ရနံ့ကောင်းကောင်းရတယ်လို့လည်း လူသိများကြပါတယ်။
Chardonnay ဝိုင်ကလည်း လူသိများထင်ရှားတဲ့ဝိုင်ဖြူတစ်မျိုးဖြစ်ပါတယ်။ ဒီဝိုင်ဖြူဟာ ပြင်သစ်နိုင်ငံက Burgundy ဒေသမှာ စတင်ပေါက်ဖွားခဲ့ပါတယ်။ ဒါကြောင့် Chardonnay ဝိုင်ကို White Burgundy လို့ လူသိများကြပါတယ်။ Chardonnay ဝိုင်ဖြူ ထုတ်လုပ်ရာ Chardonnay စပျစ်သီးကတော့ အစိမ်းရောင်စပျစ်သီးတစ်မျိုးဖြစ်ပြီး ကမ္ဘာ့နေရာအနှံ့အပြားမှာ ပေါက်ရောက်နိုင်ပါတယ်။
Pinot Noir ဝိုင်ကတော့ ဝိုင်နီတစ်မျိုးဖြစ်ပြီး Pinot Noir စပျစ်သီးကနေ ထုတ်လုပ်ပါတယ်။ Pinot Noir စပျစ်သီးရဲ့မျိုးစိတ်ကတော့ Vitis Vinifera ဖြစ်ပါတယ်။ ဒီနာမည်ဟာ Pine Black လို့အဓိပ္ပာယ်ရတဲ့ ပြင်သစ်စကားလုံးတွေကနေ ဆင်းသက်လာပြီး အသီးရဲ့ ထင်းရှူးသီးနဲ့ခပ်ဆင်ဆင်တူမှုကြောင့် ဒီလိုခေါ်ဝေါ်ကြတာဖြစ်ပါတယ်။
Pinot Noir ဝိုင်ရဲ့အရသာကတော့ အချိုဓာတ်မပါဝင်ဘဲ သဘာဝသစ်သီးအရသာသာ ပါဝင်ပါတယ်။ ကမ္ဘာပေါ်မှာဒီဝိုင်ကိုမှ နှစ်သက်ကြသူအများကြီးရှိပါတယ်။ Pinot Noir စပျစ်သီးဟာ ပြင်သစ်နိုင်ငံ burgundy ဒေသမှာပေါက်ရောက်တာကြောင့် ဝိုင်ထုတ်လုပ်သူတွေဟာ ဒီဝိုင်ကို "Red Burgudny" လို့တင်စားခေါ်ဝေါ်ကြပါတယ်။ Pinot Noir ဝိုင်မှာ အနီရောင်ဘယ်ရီသီးနဲ့ အနက်ရောင်ဘယ်ရီသီးအရသာတွေလည်း ပါဝင်ပါတယ်။
Shiraz လို့ လူသိများတဲ့ Syrah စပျစ်သီးဟာ ဝိုင်နီထုတ်လုပ်ရာမှာအသုံးပြုတဲ့ စပျစ်သီးတစ်မျိုးဖြစ်ပါတယ်။ လူတွေက ဒီစပျစ်ဝိုင် နာမည်ကြားရင် စိတ်ရှုပ်ထွေးကြပါတယ်။ ဘာလို့လဲဆိုတော့ သူ့မှာ Syrah နဲ့ Shiraz ဆိုပြီး နာမည် (၂) မျိုးရှိလို့ပါပဲ။ ဒါပေမယ့် သြစတြေးလျလူမျိုး ဝိုင်ထုတ်လုပ်သူတွေကတော့ ဒီဝိုင်ကို Shiraz ဝိုင်လို့ပဲခေါ်ကြပါတယ်။ ဝိုင်နီဆိုပေမယ့် အရောင်အဆင်းက အနက်ရောင်ဘက်လည်း သမ်းပြီး အသားကင်တို့၊ beef steak တို့လိုမျိုးအစားအစာတွေနဲ့လည်း အလွန်လိုက်ဖက်ပါတယ်တဲ့။
Merlot ဝိုင်ကို အမေရိကန်ပြည်ထောင်စုမှာတော့ ဒုတိယလူကြိုက်အများဆုံးနဲ့ အရသာအရှိဆုံးဝိုင်နီတစ်မျိုးအဖြစ် လူသိများ ကြပါတယ်။ ၁၇၀၀ ပြည့်နှစ်နောက်ပိုင်းတုံးက Bordeaux ဒေသမှာ ပြင်သစ်လူမျိုး ဝိုင်ထုတ်လုပ်သူတစ်ဦးက merlot စပျစ်သီးကို သုံးပြီး ဝိုင်နီတစ်မျိုးပထမဦးဆုံးထုတ်လုပ်ခဲ့ပါတယ်။ အဲဒီနေ့ကစပြီး Merlot ဝိုင်နီဟာ ကမ္ဘာတဝှမ်းလုံးမှာ လူကြိုက်များထင်ရှားလာပြီး ခုမှဝိုင်စသောက်မယ့် လူတိုင်းကို သောက်သုံးကြည့်ဖို့ ညွှန်းဆိုကြပါတယ်။ စပျစ်သီးရဲ့နူးညံ့မှုက Merlot ဝိုင်နီကို အရသာအထူး ကောင်းမွန်စေတဲ့ လျှို့ဝှက်ချက်ပါပဲ။
Cabernet Sauvignon ဝိုင်ကို Merlot ဝိုင်နဲ့ရံဖန်ရံခါမှာ နှိုင်းယှဉ်ကြပါတယ်။ ဒါပေမယ့် လူအများယုံကြည်ထားတာကတော့ သူ့ရဲ့အရသာက နှိုင်းယှဉ်မရအောင်ပိုမိုကောင်းမွန်ပြီး ဒါကြောင့်လည်း Cabernet Sauvignon စပျစ်သီးကို စပျစ်သီးအနီတွေရဲ့ ဘုရင်လို့ တင်စားခေါ်ဝေါ်ကြတာဖြစ်ပါတယ်။
အမေရိကန်လူမျိုးဝိုင်သောက်သုံးသူတွေကြားထဲမှာတော့ Cabernet Sauvignon ဝိုင်ဟာအထူးထင်ရှားပါတယ်။ နက်မှောင်တဲ့ ဘက်ကိုရောက်တဲ့အဆင်းသဏ္ဍာန်ရှိပြီး အရသာကတော့ သဘာဝသစ်သီးအရသာအတိုင်း ဖြစ်ပါတယ်။ (သကြားဓာတ်ပျောက်အောင် အချဉ်ဖောက်ထားပါတယ်။) နောက်ပြီး tannin ပမာဏလည်း မြင့်မားစွာပါဝင်ပါတယ်။
Source: youngisthan