ကော်ဖီဆိုင်တစ်ဆိုင်ကို သွားတော့မယ်ဆိုရင် menu စာအုပ်ထဲမှာ (သို့) ချိတ်ဆွဲထားတဲ့ stand ပေါ်မှာ ရေးထားတဲ့ ကွဲပြားတဲ့ကော်ဖီ အမျိုးအစားတွေကို တွေ့မြင်ရမှာပါ။ နာမည်ပေါင်းစုံ၊ ဖျော်စပ်နည်းပေါင်းစုံနဲ့ ကော်ဖီတွေထဲမှာ ကိုယ်ကရမ်းသမ်းမှာလိုက်ပြီးမှ ကိုယ်သဘောမတွေ့တဲ့ ကော်ဖီအရသာမျိုးဖြစ်နေရင် နှမျောဖို့ကောင်းပါတယ်။ ကော်ဖီအမျိုးကွဲတွေနဲ့ ပတ်သက်ပြီး ဗဟုသုတရစေဖို့ Cappuccino နဲ့ Latte ကော်ဖီရဲ့ ကွဲပြားခြားနားပုံကို ဖော်ပြပေးလိုက်ပါတယ်နော်။
Cappuccino Vs Latte
Caffè နဲ့ latte (လတ်တေး) ဆိုတဲ့ အသုံးအနှုန်းတွေကို ၁၈၄၇ ခုနှစ်တုံးက စတင်သုံးစွဲခဲ့ပြီး နောက်ပိုင်း ၁၈၆၇ ခုနှစ်မှာတာ့ William Dean Howells ရဲ့ အက်ဆေးဖြစ်တဲ့ "Italian Journeys" ထဲမှာ ဒီအသုံး အနှုန်းတွေကို ဖော်ပြခဲ့ပါတယ်။ Latte ဆိုတာ အီတလီဘာသာ စကားမှာ နွားနို့လို့ အဓိပ္ပာယ်ရပါတယ်။ Caffè Latte ဟာ cappuccino ထဲကို နို့ထပ်ထည့်ရာကနေပြီး ဖြစ်ပေါ်လာတာဖြစ်ပါတယ်။
Cappuccino ကတော့ ၂၀ ရာစုအစောပိုင်းမှာ စတင်ပေါ်ပေါက်လာပြီး ၁၉၀၁ ခုနှစ်က Luigi Bezzera ဆိုတဲ့လူတစ်ဦးက espresso machine ကို တီထွင်ခဲ့ရာမှ စတင်ဖြစ်လာခဲ့ပါတယ်။ အဲဒီစက်တွေနဲ့ cappuccino ဖျော်နိုင်ပြီး ကော်ဖီဆိုင်တွေနဲ့ စားသောက်ဆိုင်တွေမှာ ထားရှိလာကြပါတယ်။
Cappuccino ဆိုတာ ဘာလဲ
တကယ်တော့ Cappuccino ဆိုတာ espresso (၃) ပုံ (၁) ပုံ၊ နွားနို့ (၃) ပုံ (၁) ပုံ၊ နွားနို့အမြှုပ် (၃) ပုံ (၁) ပုံရောစပ်ပြီး ဖျော်ရတဲ့ ကော်ဖီတစ်ခွက်ဖြစ်ပါတယ်။ "Cappuccino" ဆိုတဲ့နာမည်ဟာ အီတလီစကား "Capuchin" ဆိုတာကဆင်းသက်လာပြီး "ခွက်ငယ်လေး" လို့အဓိပ္ပာယ်ရပါတယ်။ အစပိုင်းကတော့ အီတလီမှာ မနက်အစောပိုင်းသောက်တဲ့ ကော်ဖီအဖြစ် မိတ်ဆက်ခဲ့ပြီး နောက်ပိုင်းမှာတော့ အချိန်မရွေး သောက်လာကြပါတယ်။
Starbucks လိုမျိုး ကော်ဖီဆိုင်တွေမှာတော့ cappuccino ကို ပိုမိုကြီးမားတဲ့ခွက်အရွယ်အစားနဲ့ တည်ခင်းရောင်းချကြပါတယ်။ ခွက်အရွယ်အစား ပိုမိုကြီးမားလာပေမယ့် ကော်ဖီပိုများလာမယ့်အစား နို့ပဲ ပိုများလာပါတယ်။ Cappuccino ရဲ့မျိုးကွဲတွေကတော့ ရေခဲထည့်ထားတဲ့ Cappuccino Freddo နဲ့ ကလေးတွေသောက်လို့ရတဲ့ babyccino တို့ပဲဖြစ်ပါတယ်။
Latte ဆိုတာ ဘာလဲ
Latte ဆိုတာကတော့ အီတလီကော်ဖီ caffe Latte ရဲ့အတိုကောက်ဖြစ်ပါတယ်။ ဘာသာပြန်လိုက်မယ်ဆိုရင်တော့ "coffee milk" လို့အဓိပ္ပာယ်ရပါတယ်။ Latte ကိုတော့ espresso တစ်ဆ၊ ပွက်ပွက်ဆူတဲ့ နွားနို့ တစ်ဆ ရောထားတာဖြစ်ပါတယ်။ အီတလီမှာတော့ ဒီကော်ဖီမျိုးကို အိမ်မှာပဲကြိုချက်သောက်သုံးကြပြီး များသောအားဖြင့် မနက်စာစားချိန်မှာ သောက်သုံးကြပါတယ်။
Latte ကော်ဖီတွေက ယေဘုယျအားဖြင့် cappuccino ကော်ဖီခွက်ထက် ကြီးမားပါတယ်။ ( ၂၀ အောင်စလောက်ထိပါဝင်တယ်။) နောက်ပြီးတော့ cappuccino ထက် espresso shot (ကော်ဖီပါဝင်မှုနှုန်း) လည်း ပိုမိုများပြားပါတယ်။ သူ့မှာပါတဲ့ နို့အမြှုပ်အလွှာက ပါးပါးလေးပါ။ Latte ကော်ဖီဟာ နို့အမြှုုပ်ပေါ်မှာ ရေးဆွဲလို့ရတဲ့အနုပညာလက်ရာတွေကြောင့်လည်း နာမည်ကျော်ကြားပါတယ်။ ဒီလိုပုံဆွဲဖို့ဆိုတာ လက်ငြိမ်ဖို့နဲ့ အနုပညာစွမ်းရည် ရှိဖို့တော့ လိုအပ်ပါတယ်။
Source: espressoshots