ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ရာသီစာလေးလည်းဖြစ်တယ်လေ။
Su Yee Moe

အေးမြတဲ့ ရာသီဥတုမှာ ထမင်းမစားချင်တဲ့အခါမျိုးဆို စွပ်ပြုတ်လေး လုပ်သောက်ရတာလည်း တကယ်ကောင်းတဲ့ အိုင်ဒီယာလေးနော်။ စွပ်ပြုတ်လေးသောက်လိုက်တော့ ရင်ထဲနွေးပြီး နေလို့ထိုင်လို့ ကောင်းသွားတယ်။ အသားလုံး စွပ်ပြုတ်လေးကို အသီးအရွက်လေးနဲ့ ရောပြီး ပြုတ်သောက်ကြမလား။

အသားလုံးစွပ်ပြုတ်လုပ်ဖို့အတွက်တော့ အသားအနေနဲ့ ဝက်သားကိုပဲ ရွေးလိုက်ပါတယ်။ ပုဇွန်ကို အခွံချွတ်ထားပါ။ ကြက်ဥက ၂ လုံး လိုပါတယ်။ ကြက်သွန်မြိတ်၊ မုန်လာဥနီ ၊ ကြက်သွန်နီတို့ကိုတော့ အရွယ်တော် လှီးထားရပါမယ်။ ကြက်သွန်ဖြူကိုတော့ ထောင်းထားပါ။ ဆား၊ ငြုပ်ကောင်းမှုန့်၊ ထောပတ်ဆီ၊ ဟင်းသီးဟင်းရွက်ပြုတ်ရည်၊ ငံပြာရည်၊ ပဲကြာဆံနဲ့ ဟင်းနုနွယ်ရွက် လက်တစ်ဆုပ်စာတို့လည်း လိုပါတယ်။

 

ဝက်သားလုံး လုပ်ဖို့အတွက်တော့ ဝက်သား၊ ပုဇွန်၊ ကြက်ဥ၊ ကြက်သွန်နီ၊ မုန်လာဥနီတို့ကို အရသာဝင်အောင် ဆား၊ ငြုပ်ကောင်းမှုန့်၊ အုန်းသီးမှုန့်တို့နဲ့ ရောနယ်ပြီး အလုံးလေးတွေဖြစ်အောင် လုံးထားပါ။ အလုံးလေးတွေ လုံးနေရင်း မကပ်အောင် လက်ကို ဆီဆွတ်ပြီးလုံးနိုင်ပါတယ်။

 

ဒယ်အိုးကို မီးပူပေးပြီးရင် ထောပတ်ဆီလေးထည့် ကြက်သွန်ဖြူကို ၃ မိနစ်လောက် ဆီသတ်ပါ။ ဟင်းသီးဟင်းရွက်ပြုတ်ရည်၊ ရေနဲ့ ငံပြာရည်ထပ်ထည့်ပြီး အဖုံးအုပ်ကာ ဆူလာတဲ့အထိ တည်ပေးရပါတယ်။ အရသာအတွက် ဟင်းခတ်မှုန့်နဲ့ ဆား၊ ငြုပ်ကောင်းတို့ကို ထပ်ထည့်နိုင်ပါတယ်။ ဆူလာရင်တော့ မီးကိုလျှော့လိုက်ပါ။

 

လုံးထားတဲ့ အသားလုံးလေးတွေကို ဖြည်းဖြည်းချင်း တစ်လုံးချင်းစီ အိုးထဲထည့်ပေးရပါမယ်။ အဖုံးအုပ်ပြီး နာရီဝက်လောက် ထပ်တည်ထားပါ။ ဒါမှ အသားလုံးတွေ ကျက်မှာဖြစ်ပါတယ်။ နာရီဝက်ပြည့်ရင် အိုးကိုမွှေပြီး ဟင်းနုနွယ်ရွက်နဲ့ ပဲကြာဆံတို့ထည့်ပြီးရင် ၃ မိနစ်လောက်ဆို စားလို့ရပါပြီ။ စားခါနီးမှ ကြက်သွန်မြိတ်လေးထပ်ဖြူး၊ ငြုပ်ကောင်းလေးဖြူးလိုက်မယ်ဆို အနံ့မွှေးမွှေး ပူပူလေးနဲ့ အရမ်းအရသာရှိတဲ့ ဝက်သားလုံးစွပ်ပြုတ်လေး ရပြီပေါ့။

Source : Healthy Foodie


Author


က္က