တပို့တွဲမှာ အိမ်သူအိမ်သားတွေအတွက်၊ ဆွေမျိုးသားချင်းတွေအတွက် ထမနဲထိုးကျွေးချင်သူတွေအတွက် ထမနဲထိုးနည်းလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။
Thiha Htun

တပို့တွဲလကို ရောက်ပြီဆိုတော့ ကျွန်တော်တို့မြန်မာလူမျိုးတွေရဲ့ ဓလေ့ထုံးလမ်းအရ မြန်မာနိုင်ငံ နေရာအနှံ့အပြားမှာ ထမနဲထိုးပွဲတွေကို ဆင်နွှဲနေကြပါပြီ။ တပို့တွဲလရောက်ပြီဆိုရင် တစ်အိမ်နဲ့တစ်အိမ် ထမနဲထုပ်လေးတွေ ဝေကြတာတို့၊ လမ်းထိပ်မှာ ရပ်ကွက်သူ၊ ရပ်ကွက်သားတွေ စုပေါင်းပြီး ထမနဲဝိုင်းထိုးကြတာတို့က မြန်မာတို့ရဲ့ ချစ်စရာကောင်းတဲ့ အမူအကျင့်လေးတွေပါပဲ။

 

ထမနဲက ကောက်ညှင်းထမင်းကို လူအားသုံးပြီး သစ်သားယောက်မကြီးတွေနဲ့ နှဲ့ရတဲ့ မြန်မာ့ရိုးရာ အစားအစာတစ်မျိုးပါ။ ပါဝင်ပစ္စည်းတွေ အချိန်အဆမှန်ပြီး လက်ဆမှန်မှန်နဲ့ ထိုးနိုင်မယ်ဆိုရင် ထမနဲက အရသာရှိပြီး စားလို့ကောင်းတဲ့ အစားအစာတစ်မျိုး ဖြစ်လာမှာပါ။ ဆောင်းတွင်းအေးအေးလေးမှာ ထမနဲကို ကိုယ်တိုင်ထိုးစားချင်သူတွေအတွက် ထမနဲထိုးနည်းလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

ပါဝင်ပစ္စည်းများ

photo 09.jpg 

ပါဝင်ပစ္စည်းတွေကတော့ ကောက်ညှင်းဆန် နို့ဆီဘူးနဲ့ (၂) လုံး၊ အုန်းသီးဆံဖတ် လက်တစ်ဆုပ်စာခန့်၊ နှမ်းဖြူ စားပွဲတင်ဇွန်း (၁) ဇွန်း၊ နှမ်းနက် စားပွဲတင်ဇွန်း (၂) ဇွန်း၊ မြေပဲ လက်တစ်ဆုပ်စာခန့်၊ ဂျင်းတစ်တက် (၃လက်မခန့်)၊ ဆီ (၁) ခွက်ခွဲခန့် (နို့ဆီဘူးနဲ့)၊ ဆား (၂) ဇွန်း (လက်ဖက်ရည်ဇွန်းနဲ့)၊ ရေ (၁) လီတာခန့်တို့ပဲ ဖြစ်ပါတယ်။

ပြုလုပ်နည်း

Htamane.jpg

အရင်ဆုံး ကောက်ညှင်းဆန်ကို တစ်ညရေစိမ်ထားရမှာပါ။ ထမနဲမထိုးခင် (၂) နာရီအလိုမှာတော့ ကောက်ညှင်းဆန်ကို ရေစစ်ထားလိုက်ပါ။ မြေပဲဆန်ကိုတော့ ဒယ်အိုးပူထဲမှာ ထည့်လှော်ပြီး တစ်ဝက်ကိုညက်အောင်ထောင်း၊ ကျန်တစ်ဝက်ကို လေးစိတ်ကွဲ ထောင်းထားပေးလိုက်ပါ။

ပြီးရင် နှမ်းစေ့လေးတွေကိုလည်း လှော်ထားလိုက်ပါ။ ဂျင်းတက်ကိုတော့ အချောင်းလေးရှည်ရှည်လေးတွေဖြစ်အောင် ပါးပါးလှီးထားလိုက်ပါ။ အားလုံးအဆင်သင့်ပြီဆိုရင်တော့ ထမနဲထိုးမယ့် ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးလိုက်ပါ။ ဆီပူလာပြီဆိုရင် အုန်းသီးဆံဖတ်ကို အရောင်ညိုလာသည်အထိကြော်ပြီး ပြန်ဆယ်ထားလိုက်ပါ။

ပြီးရင် ဂျင်းတက်ကိုလည်း ကျွတ်နေအောင်ထည့်ကြော်ပါ။ ကျွတ်လာပြီဆိုရင် ရေစစ်ပြီးသား ကောက်ညှင်းဆန်ကိုထည့်ပြီး (၅) မိနစ်ခန့်မွှေပေးလိုက်ပါ။ ပြီးတာနဲ့ ကောက်ညှင်းဆန်ထဲကို ဆားနည်းနည်းထည့်ပါ။ ကောက်ညင်းဆန်က ဆီနဲ့လုံးသွားပြီး နည်းနည်းကော့လာပြီဆိုရင် ရေ လီတာဝက်ခန့်ထည့်ပြီး အဖုံးဖုံးပေးထားလိုက်ပါ။

မီးမျင်းမျင်းနဲ့ပဲ ဆက်အပူပေးထားလိုက်ပါ။ (၅)မိနစ်၊ (၆) မိနစ်လောက်ဆိုရင် ကောက်ညှင်းဆန်ပျော့လာပါလိမ့်မယ်။ အဲဒီအချိန်ကျရင် သစ်သားယောက်မလေးနဲ့ မွှေပေးလိုက်ပါ။ မွှေတဲ့အခါ ကျန်တဲ့ရေလီတာဝက်ကို ဖြေးဖြေးချင်း မွှေလိုက်ထည့်လိုက် လုပ်သွားပေးပါ။ အဲဒီအချိန်မှာ ညက်အောင်ထောင်းထားတဲ့ မြေပဲကိုထည့်ထိုးမယ်ဆိုရင် ပိုမိုထူးကဲတဲ့ အရသာကို ရရှိမှာပါ။

 

အဲဒီမှာ ကောက်ညင်းက နူးအိလာပြီဆိုရင်တော့ ကြော်ထားတဲ့ အုန်းသီးရယ်၊ နှမ်းရယ်၊ မြေပဲဆန်အခြမ်းကွဲလေးတွေရယ်ကို ထည့်ပေးလိုက်ပါ။

အဲဒီအချိန်ကစပြီး နောက်ယောက်မလေးတချောင်းကိုပါထည့်ပြီး ယောက်မ (၂) ချောင်းကို လက် (၂) ဖက်နဲ့ စုံကိုင်ပြီး သမအောင်မွှေရပါတယ်။ အဲဒီနောက် ၁၀မိနစ်ခန့်ထိုးပြီးရင်တော့ ကောက်ညှင်းလုံးပြီး ဆီပြန်လာပါလိမ့်မယ်။ ဒါဆိုရင်တော့ အရသာရှိတဲ့ ထမနဲလေးကို လုပ်ဆောင်လို့ပြီးပါပြီ။ မိမိရဲ့အိမ်သားတွေ၊ အိမ်နီးနားချင်းတွေနဲ့ ဝေမျှစားသောက်နိုင်ပါပြီ။

Source: HtetFamily


Author


က္က