ဂျုံမုန့်နှစ်နေရာမှာ ခေါက်ဆွဲဖတ်လေးတွေကို အစားထိုးထားတဲ့ ပီဇာလေးပါ။
Thiha Htun

ခေါက်ဆွဲပီဇာကတော့ နာမည်မြင်တာနဲ့ မျက်လုံးပြူးသွားစေမယ့် အစားအစာပါ။ ပီဇာဆိုတာ အီတလီအစားအစာတစ်မျိုးဖြစ်ပြီး ဂျုံမုန့်နှစ်ပြားပေါ်မှာ ခရမ်းချဉ်သီးအနှစ်နဲ့ တခြားအဆာပလာလေးတွေတင်ပြီး မုန့်ဖိုထဲမှာ ထည့်ဖုတ်ထားတာပါ။ ပီဇာကို ဂျုံမုန့်နှစ်မသုံးဘဲ အသင့်စားခေါက်ဆွဲခြောက်ကိုသုံးပြီး ပီဇာလိုပြုလုပ်ထားတာကိုတော့ စားဖူးကြမယ်မထင်ပါဘူး။ ဒီအစားအစာ အဆန်းလေးကို ကိုယ်တိုင်ဖန်တီးပြုလုပ်ချင်ရင်တော့ အောက်မှာမုန့်လုပ်နည်းကို ဆက်ဖတ်ကြည့်ပေးကြပါနော်။

ပါဝင်ပစ္စည်းများ

Ramen-Noodles-Pizza-Bake_ExtraLarge1000_ID-1049247.jpg 

ပါဝင်ပစ္စည်းအဖြစ် ဂျပန်ရာမင်ခေါက်ဆွဲခြောက် (၂) ထုပ်၊ Extra-virgin သံလွင်ဆီ (၃) ဇွန်း၊ အမှုန့်ကြိတ်ပြီးသား mozzarella အီတလီဒိန်ခဲ (၁၂) အောင်စခန့်၊ ပီဇာဆော့စ် (၃/၄) ခွက်ခန့်၊ အီတလီဒိန်ခဲအမာ (၂) အောင်စခန့်၊ ပက်ပါရိုနီ ဝက်အူချောင်းတို့ကို လိုအပ်ပါတယ်။

ပြုလုပ်နည်း

20130909-ramen-hacks-pizza-00-610px.jpg

မုန့်ဖုတ်မီးဖိုကို အပူချိန် (၄၅၀) ဒီဂရီဖာရင်ဟိုက်လောက်နဲ့ အပူပေးထားလိုက်ပါ။ လျှပ်စစ်မီးဖိုပေါ်မှာတော့ ဆားနည်းနည်းခပ်ထားတဲ့ ရေနွေးအိုးတစ်အိုး တည်ထားလိုက်ပြီး ရေနွေးဆူလာပြီဆိုရင် ခေါက်ဆွဲခြောက်တွေကို ဖောက်ထည့်ပြီး ပြုတ်ပေးလိုက်ပါ။ ရသာမှုန့်တွေကိုတော့ ဖောက်ထည့်ပေးစရာ မလိုပါဘူး။ ခေါက်ဆွဲပြုတ်ရာမှာ အရမ်းကြီးပျော့တဲ့အထိ ပြုတ်ဖို့မလိုပါဘူး။ (၂) မိနစ် (၃) မိနစ်ခန့်ပြုတ်ပြီး ခေါက်ဆွဲဖတ်တွေကို ဆယ်ပေးနိုင်ပါပြီ။

 

ပြီးရင် ခေါက်ဆွဲပြုတ်ရည်အိုးကို မီးဖိုပေါ်ကချပြီး သံပြားအောက်ခံ ဒယ်အိုးပြားတစ်လုံးထဲမှာ သံလွင်ဆီနည်းနည်းထည့်ပြီး အပူပေးလိုက်ပါ။ ပြီးရင်ခုနက ဆယ်ထားတဲ့ ခေါက်ဆွဲဖတ်တွေကို ဒယ်အိုးပြားထဲမှာ ထည့်ပြီး သံယောက်မတစ်ချောင်းနဲ့ ဖိဖိပြီး ပုံသွင်းပေးလိုက်ပါ။ ပီဇာတစ်ချပ်လိုပဲ အဝိုင်းပုံလေးပေါ်အောင် ပုံသွင်းပေးရမှာပါ။ ပုံသွင်းပြီးပြီဆိုရင် mozzarella ဒိန်ခဲမှုန့်တစ်ဝက်ကို နှံ့စပ်အောင် ဖြူးပေးလိုက်ပါ။

ပြီးရင်တော့ ခေါက်ဆွဲချပ်မျက်နှာပြင်ပေါ်မှာ ပီဇာဆော့စ်ကို သုတ်လိမ်းပေးလိုက်ပါ။ ပီဇာဆော့စ် သုတ်ပြီးရင် ကျန်နေသေးတဲ့ mozzarella ဒိန်ခဲမှုန့်တစ်ဝက်နဲ့ အီတလီဒိန်ခဲမာ တစ်ဝက်တို့ကို အပေါ်ကထပ်ဖြူးပေးလိုက်ပါ။ ပြီးရင် ပက်ပါးရိုးနီ ဝက်အူချောင်းဖတ်လေးတွေကို ဖြူးပေးလိုက်ပြီး မုန့်ဖိုထဲမှာ ထည့်ပေးနိုင်ပါပြီ။

 

မိနစ် (၂၀) ခန့်ကြာအောင် ဖုတ်ပြီးရင်တော့ ပီဇာကျက်ပါပြီ။ ပြီးရင် ကျန်နေသေးတဲ့ အီတလီဒိန်ခဲမာ ဖတ်လေးတွေနဲ့ အပေါ်ကနေ ဖြူးပေးလိုက်ပါ။ ဒါဆိုရင်တော့ ခေါက်ဆွဲပီဇာလေးကို အသင့်သုံးဆောင်နိုင်ပါပြီ။ ကြွပ်ရွတဲ့ အောက်ခြေနဲ့ ခေါက်ဆွဲရဲ့ နူးညံ့တဲ့အရသာ၊ ဒိန်ခဲရဲ့ ဆိမ့်တဲ့အရသာနဲ့ ပက်ပါးရိုးနီ ဝက်အူချောင်းရဲ့ အရသာတို့ ပေါင်းစပ်ထားတဲ့ ခေါက်ဆွဲပီဇာလေးကို အားပါးတရ သုံးဆောင်လို့ရပါပြီနော်။

Source: Seriouseat


Author


က္က